Saturday, September 5, 2009

စိတ်, စိတ်ပါကွယ်

Posted by ရေကြည်ချမ်းမြ

အပိုင်း (၂)

သိတော်မူကြတဲ့အတိုင်း ကျုပ်က ပရိယတ်တွေ ပဋိပတ်တွေ သိလို့ ဘုန်းကြီးဝတ်တာ မဟုတ်ဘူး၊ အစားမက်ပြီး ၀တ်တာလေ။ နို့ပေမယ့် ကျုပ် သံဃာတော်တွေရဲ့ ၀တ်ကြီး ၀တ်ငယ်အားလုံးကို စေတနာထားပြီး လုပ်ပါတယ်။ သင်္ကန်းလျှော်ပေးတာက အစ တံမျက်ဆည်း လှည်းတာအဆုံး အားလုံးပေါ့။ ကိုယ်တော်တွေကလည်း ကျုပ်ကို အသိအမှတ်ပြု ချစ်ခင် ရင်းနှီးကြပါတယ်။ သာသနာတော်ရဲ့ အရိပ် အာဝါသအောက်မှာ ရက်အနည်းငယ် ကြာတယ်ဆိုရင်ပဲ ကျုပ်ရဲ့ ခန္ဓာကိုယ် အသားအရေတွေ ဟာ အရင်နဲ့မတူ ပြည့်ဖြိုးတောက်ပြောင်လာတယ်။ ဒါပေမယ့်ဗျာ ကြာကြာမခံပါဘူး။ “သား မှားပြီ မှားပြီ အမေရဲ့ “လို့သာ ဟစ်ငိုလိုက်ချင်တော့တယ်။ ကျုပ်က ဘုန်းကြီးဘ၀ကို အပေါ်ယံလေးကြည့်ပြီး လွယ်လွယ်လေး အောက်မေ့ခဲ့တာကိုး။ တကယ်တော့ ဘုန်းကြီးဘ၀က ငြိမ်း-ပျင်း ကြီးဗျ။ ငြိမ်းတော့ ငြိမ်းချမ်းပါတယ်ဗျာ။ ဒါပေမယ့် တယ် ပျင်းစရာကောင်းသကိုး။ ဒီအထဲ ကျုပ်စိတ်က မိုးရွာတဲ့ အခါများဆို လယ်လေး သတိရလိုက်။ နွားတွေ သတိရလိုက်နဲ့ ဂနာမငြိမ်လိုက်တာ။ အိမ်က ကြင်သူသက်ထားလေးကို တစ်ချက်တစ်ချက် သတိရမိတာက အခံရခက်ဆုံး ဝေဒနာပဲ။ ပြောရင်းတောင် “အော် သူ့ခမျာ ငါမရှိတော့ အဆင်မှ ပြေပါမလား” လို့ စိုးရိမ်နေသေးတယ်။ သိတဲ့အတိုင်း စိတ်မြန်လက်မြန်သမားဆိုတော့ ကိုယ်တော်တွေကို ခွင့်တောင်းပြီး လူထွက် အိမ်ပြန်ခဲ့တယ်ပေါ့။ မျက်နှာလေး မြင်ရတယ်ဆိုရင်ပဲ ပျင်းနေတာတွေ ပျော်သွားတယ်ပေါ့။ တယ်လည်း စွမ်းတဲ့ အာရုံပဲ။ “အချစ်နယ်ထဲကို ၀င်မိရင်ကွယ် ဘုရာအလောင်း ဥဒေါင်းမင်းတောင် ညွတ်ကွင်းမိရှာတယ်” ဆိုတာ ဒါမျိုးနေမှာ။ (အရေးထဲ ဘယ်က ရွှေမန်းတင်မောင် သီချင်းက ခေါင်းထဲဝင်လာမှန်းမသိဘူး။)

ပျော်စရာနေ့ရက်လေးတွေ ကြာကြာမခံစားလိုက်ရပါဘူး။ ပင်ပင်ပန်းပန်း လုပ်လိုက်ရတဲ့ လုပ်ငန်းတွေကြောင့် ကျုပ်ခန္ဓာကိုယ်ဟာ ညှိုးလျ မည်းပိန်လာတယ်။ အလုပ်ပန်းလို့ ခဏနားတုန်း ကျုပ်စဉ်းစားနေမိတယ်။ ငါရဲ့ လူ့ဘ၀ကြီးဟာလည်း ပျော်-ပန်း ကြီးပါလားလို့ပေါ့။ ဟုတ်တယ် လူ့ဘ၀ဆိုတာ သားလေး မယားလေးနဲ့ ကြည်ကြည်နူးနူး တီတီတာတာ ဆိုတော့ ပျော်စရာကောင်းတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီတာဝန်တွေအတွက် အလုပ်လုပ်ရတာကလည်း သိပ်ပန်းတာကလား။ ကျုပ် အဲဒီဒဏ်ကို မခံနိုင်ပြန်ဘူး။ ကြာပါတယ် ဆိုပြီး သင်္ကန်းလေးပိုက် ဘုန်းကြီးကျောင်းကိုပြန်ပြီး သင်္ကန်းဝတ်နေလိုက်ပြန်တယ်။ ဒီလိုနဲ့ သာသနာကို နွားမခြံအလား ၀င်လိုက် ထွက်လိုက်လုပ်နေလိုက်တာ ခြောက်ကြိမ်တောင်ရှိနေပြီ။ ဟိုဘက်ရွာက စလုံးပြန် မော်ဒန်ပြောတဲ့အတိုင်းပြောရရင် ကျုပ်လည်း အိမ်နဲ့ ဘုန်းကြီးကျောင်း တိုင်ပတ် နေတယ်ပေါ့ဗျာ။ ဘုန်းကြီးသာ ခြောက်ကြိမ်ဝတ်ဘူးတာ။ ကျုပ် ဘာတရားထူးမှ မရပါဘူး။ မရဆို စိတ်မှ မငြိမ်တာ။ ဒါ့ကြောင့်လည်း ကျုပ်ကို ကိုယ်တော်တွေက စိတ္တဟတ္ထ လို့ ခေါ်ကြတာနေမှာ။ ၀င်လိုက် ထွက်လိုက် လုပ်နေတဲ့ ၆ကြိမ်အတွင်းမှာ အဖတ်တင်လိုက်တာဆိုလို့ စာရင်းချကြည့်လိုက်ရင် အဲဒီ စိတ္တဟတ္ထဆိုတဲ့နာမည်ရယ်၊ ငြိမ်း-ပျင်း နဲ့ ပျော်-ပန်း ဆိုတဲ့ ဘုန်းကြီးဘ၀ နဲ့ လူဘ၀ ကွာခြားပုံ အူကြောင်ကြောင် ဒဿန ရယ်၊ ကြင်သူသက်ထား ရဲ့ ဆူလာတဲ့ ဗိုက်ကလေးရယ်၊ ဒါပဲ ရှိတယ်။ ကျန်တာရှာမရဘူး။

ဒီနေ့ ကျုပ်စိတ်တွေ တစ်မျိုးဖြစ်နေတယ်။ နွားနှစ်ကောင်မောင်းပြီး လုပ်နေကြအတိုင်း တောထဲသာ သွားနေရတာ တယ်ပြီး စိတ်မပါလှဘူး။ ဒီ လယ်ထွန် နွားကြွေး ကလေးမွေး အလုပ်ကို စိတ်ကုန်နေပြီ။ တစ်ခါတခါ ကျုပ်နဲ့ ငယ်ငယ်က နွားကျောင်းဖက် ကျိန်စော် ဆိုတဲ့ သူငယ်ချင်းလို မြို့ပေါ်တက် ဒေါက် လုပ်ရမလားတောင် ကြံနေမိတယ်။ သူက မြို့ပေါ်မှာ လှည်းဒေါက်ခွတွေ လုပ်ရောင်းနေတာ တော်တော် အဆင်ပြေနေတယ်လို့ကြားတယ်။ အော် သူကသူ ကိုယ်က ကိုယ်ပဲလို့ သဘောထားပြီး တောထဲ လုပ်နေကြအလုပ်တွေကိုပဲ ဇယ်ဆက်သလို လုပ်နေမိတယ်။ ဒါပေမယ့် စိတ်ကတော့ ပေါ့မသွားဘူး။ လေးနေတာအမှန်ပဲ။ အိပ်ခန်းထဲမှာ သေချာခေါက်သိမ်းထားတဲ့ သင်္ကန်းအထုပ်လေးဆီကို စိတ်က ရောက်ရောက်နေတယ်။ ကြာပါတယ်။ ဘုန်းကြီးပြန်ဝတ်မယ်ကွာဆိုပြီး လုပ်လက်စ အလုပ်တွေ အပြီးသတ် အိမ်ကို တန်းတန်းမတ်မတ်ပြန်ခဲ့တယ်။

အိမ်ရောက်လို့ သိမ်းထားတဲ့ သင်္ကန်းထုပ်လေးယူမယ် ဆိုပြီး အိပ်ခန်းတံခါးကို ဖွင့်လိုက်တာကော ဆီးကြိုနေတဲ့ မြင်ကွင်းက ကျုပ်ကို ကြက်သေသေသွားစေတယ်။ ကြည်စမ်းပါအုံးဗျာ၊ ကျုပ်ရဲ့ ကြင်သူသက်ထားလေ။ ပက်ပက်စက်စက် အိပ်နေလိုက်တဲ့ပုံများ။ လူနဲ့ အ၀တ်အစားက ကိုယ်တို့ဝေးနေ မိုင်ပေါင်း ကုဋေ၊ ပါးပေါ်မှာ စီးကျနေတဲ့ သွားရည်စီးကြောင်းက ရွံစရာကောင်းလိုက်တာ။ တစ်ချက်တစ်ချက် ဟောက်လိုက်တဲ့အသံက တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ကျုပ်ရင်ထဲ မိုးကြိုးပစ်လိုက်သလိုမျိုး။ ကျုပ် မက်မက်မောမော် စွဲလမ်းခဲ့တဲ့ နုတ်ခမ်းအစုံက စေ့မနေပဲ ဟ နေလိုက်ချက်ကတော့ သွားတွေ သွားဖုံးတွေတောင် မြင်ရတယ်။ ခုမှ ကျုပ်မိန်းမ သွားနည်းနည်း ခေါနေမှန်း သတိထားမိတယ်။ တစ်ချက်တစ်ချက် သွားချင်းပွတ်ပြီး အံတွေ ဘာတွေ ကြိတ်လိုက်တဲ့အခါ ထွက်လာတဲ့ အသံက ကျုပ်တို့ အိမ်နားက မပြားကြီး ဆန်မှုံ့ ကြိတ်သလိုမျိုး။ မင်္ဂလာဆောင်တဲ့နေ့တုန်းက မြင်ရတဲ့ မျက်နှာလေးနဲ့တော့ဖြင့် ကွာချင်တိုင်းကွာပါ့။ ကျုပ်စိတ်ထဲမှာ အလောင်းကောင်တွေ ဖရိုဖရဲ ကြဲနေတဲ့ သုသာန် သင်္ချိုင်းထဲကို ရောက်နေသလိုမျိုး။ လယ်မထွန်ရပဲနဲ့ ကျုပ်နဖူးက ချွေးသီး ချွေးပေါက်တွေ ကျလာတယ်။ ရင်ထဲမှာလည်း တုန်နေလိုက်တာများ ထောက်တည်ရာမရဘူး။ အာခေါင်တွေခြောက်ကပ် ရေတွေဘာတွေတောင် ငတ်လို့။ ကျုပ်ရှေ့က မြင်ကွင်းဟာ ကျုပ်ချစ်လှ သံယောဇဉ်ရှိလှပါတယ်ဆိုတဲ့ ကျုပ်မိန်းမ မဟုတ်တော့ဘူး။ ပုပ်ပွ နံစော်နေတဲ့ သူသေကောင်ကြီး။

လက်ကနဲ့ ဘုန်းကြီးကျောင်းမှာတုန်းက ကျုပ်ဆရာ ကိုယ်တော်တွေ ပွါးများနေတဲ့ ဘာဝနာစီးဖြန်းသံကို နားထဲပြန်ပြီး ကြားယောင်မိတယ်။ “ အနိစ္စံ ဒုက္ခံ ဣဒံ” မမြဲခြင်းသဘော ဆင်းရဲခြင်းသဘော ဒါလောက်တော့ ကျုပ်နားလည်တယ်။ ခု ရင်ထဲ အသဲထဲကကို ကျကျနနကြီး နာလည်နေမိတာ။ ကျုပ်သာသနာဘောင်ကနေ ခြောက်ကြိမ်တိုင်တိုင် မမြဲပဲ လျော့ကျအောင် လုပ်နေတဲ့ တရားခံကို ကျုပ်ကောင်းကောင်းကြီး ဖမ်းမိပြီ။ အခြားဟုတ်ရိုးလား၊ ကျုပ်မျက်စိရှေ့မှာ စိတ်လွတ်ကိုယ်လွတ် အလောင်းကောင်ကြီးလိုအိပ်နေတဲ့ တစ်ချိန်က ကျုပ်သိပ်ချစ်ရတဲ့ အိမ်သူသက်ထား ဇနီးလေးပေါ့။ ကျုပ်ဟာ မီးကို ရွှေရောင်လိုထင်ခဲ့တဲ့ ပိုးဖလံမျိုးပဲ။ ကျုပ်သိပြီ။ သံယောဇဉ်ကြိုး ဇွတ်တိုးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ခု သူ့အပေါ်မှာ မရှိတော့တာသေချာတယ်။ ကျုပ်ဖြစ်ပျက်နေပုံကို ကြည့်ပြီး ပွစိပွစိ လုပ်နေတဲ့ ယောက္ခထီးကြီးကို အရင်ကလို ဂရုမစိုက်နိုင်တော့ဘူး။ ကျုပ်သင်္ကန်းထုပ်လေးကို ကျကျနနပိုက်ပြီး အရာအားလုံးကိုကျောခိုင်း ခြေလှမ်းတွေကို ကျုပ်ဆရာဘုန်းကြီးများရှိရာ ကျောင်းသင်္ခန်းကို ဦးတည်လိုက်တယ်။ ဒီတစ်ခါ လှမ်းရတဲ့ခြေလှမ်းတွေက အရင်တုန်းက ခြေလှမ်းတွေနဲ့ မတူဘူးဆိုတာကိုတော့ ကျုပ်သာ အသိဆုံးလေ။

0 comments:

Post a Comment