“အဲလို မဖြစ်သင့်ဘူးထင်တယ်”
“စိတ်ဆိုးနေလား”
“မာနကြီးလှချေလား”
“အမေရိကန်မှာ နေနေရတာ မဟုတ်ပါဘူး၊ သိပ်လည်း မကျယ်ပါနဲ့”
“မပြောချင်နေပါ။ ဘာဖြစ်နေနေ ကျုပ်တို့ကတော့ အထင်မကြီးတတ်ဘူးဗျနော်”
“အဲလိုလား၊ ရပါတယ်”
G talk တွင် မကြာခဏ ရင်ဆိုင်ရသော အွန်လိုင်းမိတ်ဆွေ လူကြီးကလေးများ၏ ချစ်စရာကောင်းသော အထင်လွဲမှုလေးတွေပါ။ အသက်တွေ ကြီးလာလို့လားမသိ။ ငယ်ရွယ်သူတွေကို အားကျသလို ကလေးဆန်သော အပြုအမူ အပြောအဆိုများကို စိတ်မဆိုးသည့်အပြင် မသိမသာ သဘောကျချင် သလိုလိုပင်။ ထိုအခါ အသက်ကြီးသူတို့၏ ကလေးဆန်သော အပြော အဆို အပြုအမူများသည် စိတ်ဆိုးစရာမှ ရီစရာအဖြစ် ပြောင်းလဲသွားတော့၏။ ကိုယ့်ကိုယ်ကို ဂေါက်များနေသလားဆိုတာ ပြန်လည် စစ်ဆေးကြည့်ရပေအုံးမည်။ ကလေးသဘာဝကား ကိုယ်ဖြစ်ချင်တာသာ သိ၏။ ကိုယ်လိုချင် ကိုယ်ရချင် တာကိုသာ သိ၏။ ကျန်တာ ဘာမှ မစဉ်းစားတတ်။ ခုလည်းကြည့်ပါအုံး အသက်ကြီး ကလေးလေးတွေ အားမနာ ပါးမနာ ဝေဘန်လိုက်ကြတာ။ တစ်ဘက်ရဲ့ အနေအထားကို ဘာမှ မမြင်ရဘဲ သူတို့အလိုဆန္ဒမပြည့်တာနဲ့ ထင်ချင်တာတွေထင်ပြီး ပြောချင်တာတွေ ပြောကြတော့သည်။ တစ်ချို့ သည့်ထက်ဆိုးဝါးတဲ့ စကားတွေပါသည်။ “အော် သူအလုပ်ရှုပ်နေလို့ နေမှာ” ဆိုတဲ့ သက်ညှာခွင့်လေးတောင် ကိုယ့်မှာ မရခဲ့။ အပြစ်ရှိ တန်းစီရင်ချက်ချ အယူခံဝင်ခွင့်တောင် မရရှာတဲ့ တရားခံလိုမျိုး ကိုယ့်မှာ ဖြစ်ရပေပြီ။
ပြောမယ်သာ ပြောရတာ ကိုယ်ကလည်း ကျားချင်းတော့ ပါးပါးပဲ ဆိုတဲ့အထဲက။ ဒါ့ကြောင့်လည်း ရင်းနှီးသည့် သူငယ်ချင်းတော်တော်များများ က မိမိအား “ ကိုယ့်လူ သိပ်ပါးလွန်းအားကြီးရင်လည်း ပေါက်သွားအုံးမယ်” ဟု သတိပေးကြဘူး၏။ မိမိအဘို့တော့ သတိထားစရာပင်။ မိတ်ဆွေအချင်းချင်း ပါးရုံက ကိစ္စမရှိ။ ပေါက်ထွက်သွားသည့်အထိ ဆိုလျှင်ကား မကောင်းလှပေ။ လူမှုရေး ညံ့ဖျင်းသူ အဖြစ်သတ်မှတ်ခံရပေမည်။ ပင်ကိုယ်ကတည်းက မိမိစရိုက်ကား မသိလျှင် မာနကြီးသလိုလို ဘာလိုလိုပုံစံ။ မရင်းနှီးဖူးတဲ့သူဆိုရင် သိပ်အဆင်မပြေချင်။ ထို့ကြောင့်လည်း စကားတစ်ခွန်းမှ မပြောရဘဲ အထင်လွဲ အမြင်လွဲခဲ့ကြဘူးသူတွေ ဒုနဲ့ဒေး။ ယခုမိတ်ဆွေတို့ကား မိမိကို ချစ်ခင်ရင်းနှီးကြသောကြောင့်သာ အရေးတယူ လုပ်ကြခြင်းဖြစ်သည်ကို နားလည် သဘောပေါက်ပါ၏။ သို့သော် ကိုယ်ဒုက္ခ နှင့်ကိုယ် အလုပ်ရှုပ်နေသည့် အခါမျိုးတွင် သူတို့၏ နုတ်ဆက်စကားလေးကိုတောင်မှ အရေးတယူ တုံ့ပြန်ချိန်မရခဲ့။ တစ်ဦး နဲ့ တစ်ဦး ဘာလုပ်နေကြတယ်ဆိုတာ မမြင်ရတော့ ပိုဆိုး ပိုအထင်လွဲစရာ ဖြစ်တော့၏။ အင်တာနက်နှင့် ရင်းနှီးစွာ နေကြသူတိုင်း ကိုယ်လို အခက်အခဲလေးတွေ ရှိကြမှာပဲဟု စဉ်းစားမိ၏။ တစ်ခါက မိမိမျက်လုံးများ ကွန်ပြူတာစကရင်နှင့် မျက်နှာချင်းမဆိုင်ရဲလောက်အောင် ကိုက်နေ၏။ အခန်းထဲ မီးပိတ် မျက်စိမှိတ်ကာ အိပ်နေစဉ် ညအချိန်မတော် “တောင်” ဆိုသော အသံက အိပ်ပျော်နေသော မိမိကို နှိုးလိုက်၏။ မိမိ g talk တွင် message ၀င်လာသောအသံဆိုတာကို ချက်ချင်းနားလည်လိုက်၏။ နို့ပေမယ့် ကွန်ပြူတာဖန်သားပြင်ကို မကြည့်ချင်လောက်အောင် မိမိမျက်လုံးများ တအားကိုက်နေ၏။ စာဖတ်နေက ပြန်ရိုက်နေရအုံးမည်။ အဲဒီတော့ ဘာမှ ကြည့်မနေပဲ ချက်ချင်း shut down လုပ်လိုက်၏။ နောက်နေ့မနက် ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် “အဲလိုတော့ မဖြစ်သင့်ဘူး ထင်တယ်” ဆိုသော ဝေဘန်ချက်က မိမိ၏ မျက်လုံးနှင့်အရင် ၀င်စောင့်လေ၏။ မိမိခံစားနေသည် ဝေဒနာကို တစ်ဘက်လူကား ဘာမှ မသိ။ အရေးတယူ မလုပ်လေရကောင်းလားဟု အထင်လွဲတော့၏။ ထိုသူနှင့် ယနေ့ချိန်ထိ စကားမပြောဖြစ်ကြတော့။ မိမိကား မပြောတော့လည်း ပါးစပ်ညောင်း လက်ညောင်းသက်သာတာပဲ ဟု နှလုံးသွင်းယုံမှတပါး အခြားမရှိပေ။
အထင်သည် အထင်မျှသာဖြစ်၍ ၉၀% မှားတတ်သည်ဆိုတာကို အထင်လွဲခံရဘူးသူတိုင်းသိ၏။ အချင်းချင်းစာနာ နားလည်မှုဟူသည် အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးရန်ခက်ခဲသော နည်းဥပဒေသ တစ်ခုဆိုတာ လက်ကနဲ ဖြစ်မိ၏။ မိမိအား မဟုတ်မမှန်စွပ်စွဲတာမျိုး၊ နေရင်းထိုင်ရင်း အထင်လွဲ ခံရမှုတာမျိုး၊ အချင်းချင်း လူရှေ့သူရှေ့ကျမှ ပေါ်တင်ကြီး ပါဝါပြတာမျိုး၊ ရေးထဲမိုးထဲ အခက်အခဲများစွာ ရင်ဆိုင်နေရသည့်အခါမှာ အားပေး ကူညီဖော်မရပဲ ပိုနစ်မွန်းအောင်ထိုးချတာမျိုး စသည် ဆယ်စုနှစ် သုံးခုကျော်အောင်ဖြတ်သန်းလာခဲ့သော ဘ၀အတွေ့အကြုံများနှင့် နှိုင်းစာလျှင် ယခုလိုအဖြစ်မျိုးကား စာတတန် ပေတစ်ဖွဲ့ ရေးနေစရာအကြောင်းပင် မရှိ။ နောက်တစ်ခါ ဒီလိုအထင်လွဲမခံရအောင်သာ သတိထားရပေမည်။ မိမိ၏ မိတ်ဆွေတစ်ယောက် ပြောပြသောနည်းလေးကား မှတ်သားစရာကောင်းလှ၏။ သူဆှိုလျှင် အရမ်းအလုပ်ရှုပ်သည့် အချိန်မှာ g talk ကို မ၀င်ဘဲနေ၏။ သူများက Hi ဆိုလျှင် ကိုယ်က Hi ဆိုတာလေးတောင် ပြန်မလုပ်နိုင်ရင် အားနာလို့တဲ့။ သူ့နည်းကား မိတ်မပျက်စေသော နည်းမို့ မဆိုးလှ။ မစိုသေးသော လက်များခြောက်သည်ကား အထူးအဆန်းမဟုတ်။ စိုသောလက်များ မခြောက်စေမိအောင်တော့ ဆင်ခြင်ရပေမည်။ ကလေးချစ်သောသူများသည် ကလေးများ၏ အပြုအမူအားလုံးကို အပြစ်မမြင်ပဲ ချစ်သောမျက်စိဖြင့်သာကြည့်လေ့ရှိပါသည်။
မိမိ၏ မိတ်ဆွေများကိုလည်း ကလေးများကဲ့သို့ ပြန်ငယ်စေချင်ပါသည်။ ကလေးများ၏ ဘ၀ကား လွတ်လပ်ပျော်ရွှင်မှုများ အပြည့်ရှိသည်။ အဆိုတော် စိုင်းထီးဆိုင်က ပျော်ဆုံးနေသောနိဗ္ဗာန်ဘုံအဖြစ် တင်စားသီဆိုခဲ့ဘူးသည်ကို ကြားယောင်နေမိ၏။ မိမိမိတ်ဆွေများကိုလည်း ထိုပျောက်ဆုံးနေသော နိဗ္ဗာန်လေးကို တဘန်ပြန်ရစေချင်ပါသည်။ မဖြစ်နိုင်တော့ပေမယ့် မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် ရင်မောနေရသော လူကြီးတွေဘ၀ထက် အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တခါတခါ တောင့်တမိတာ အမှန်ပင်။ လူကြီးလုပ်ရသည့်ဘ၀ကား အမှန်တကယ် ခါးသီးပင်ပန်းလှပါသည်။ မျှော်လင့်ချက်တွေများလေ ဘ၀ဟာပင်ပန်းလေပင်။ နောက်ဆုံး မိမိအား အရေးတယူလုပ်လိမ့်မည်ဟု မျှော်လင့်ထားသောသူထံမှ အရေးတယူလုပ်တာမျိုးမခံရသည့် အခါမျိုးမှာပင် မကျေနပ်မှုဒေါသများဖြင့် ပူလောင်စေပါ၏။ အခြားသော ကြီးမားစွာ ထားရှိသည့် မျှော်လင့်ချက်များ ဖြစ်မလာသည့်အခါ ပင်ပန်းမှု ပူလောင်မှုတွေကား ဘယ်အတိုင်းအတာထိ ရှိမယ်ဆိုတာ မမှန်းဆနိုင်ပေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေပြီး ကလေးပြန်ဖြစ်အောင် လုပ်ရကောင်းမလား ဟုပင် ရူးရူးမိုက်မိုက် အူကြောင်ကြောင်စဉ်းစားဘူး၏။ စိတ်ဆိုသည်ကား ထိန်းချုပ်ရန်ခက်ခဲသော တရားမို့ ရောက်ချင်ရာရောက် သွားချင်ရာသွားနေရကား အချိန်ပြည့်လိုရာထားဘို့ဆိုတာ သာမန်အားဖြင့် မဖြစ်နိုင်ပေ။ ခက်ခဲလေစွ။ တစ်ခါတလေ မိမိစိတ်ကလေးကို ထားချင်သလို ထားခွင့်ပြုကြပါ။ မိမိမိတ်ဆွေများကိုလည်း လွတ်လပ်ပျော်ရွှင်မှုတွေ အပြည့်အ၀ပိုင်ဆိုင်ထားသော ကလေးများအဖြစ် သဘောထားလိုက်မည်ဆိုလျင် ( ခွင့်တောင်းပြီးပြီမို့ ) နားလည် ခွင့်လွှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ မည်သို့ဆိုစေ အဆိုပါ မိတ်ဆွေများ၏ အထင်လွဲမှုလေးများသည် မိမိကို အရေးတယူလုပ်ကြသည့် ချစ်စရာကောင်းသာ အထင်လွဲမှုလေးများဟုသာ ပြောချင်ပါတော့သည်။
မှတ်ချက်။ အသက်ကြီးပီး ကလေးဆန်သူများကို “လူကြီးကလေးများ” ဟု တင်စားပါသည်။
0 comments:
Post a Comment