ကိုယ်အောက် ငယ်သူတွေက….
“ရေကြည်ချမ်းမြ ဆိုတာ အမေ ကို ကိုယ်စားပြုတာလား” တဲ့။
ကိုယ်နဲ့ ရွယ်တူ သူငယ်ချင်းတွေကတော့ …….
“ငယ်ငယ်တုန်းက ခင်မောင်တိုး သီချင်းတွေကို ဆိုငြီးခဲ့ဘူးလို့ အဲသည်ထဲက ‘ရေကြည်ချမ်းမြတစ်ပေါက် သောက်ပါရစေ မေ’ ဆိုတဲ့ စာသားလေးကို ယူထားတာလား”တဲ့။
ကိုယ်ကသာ အမှတ်တမဲ့ သူတို့က လေးနက်နေလိုက်တာ။ ဒါကြောင့် စာဖတ်သူဟာ စာရေးသူထက် ပိုမြင်တတ်တယ်ဆိုတာ လက်ခံရမလိုလို။ သူက တော့ ရေကြည်ချမ်းမြ ဆိုတဲ့ စာသားလေးကို ရွတ်လိုက်ရင် စိတ်နှလုံးထဲ အေးချမ်းသလို ခံစားရတာရယ်၊ စာကို လွတ်လွတ်လပ်လပ် ရေးသားချင်တာရယ်၊ ဒီအကြောင်းနှစ်ချက်ကြောင့် ဒီနာမည်လေး သုံးလိုက်တာပါ။ ဘာရယ်လို့ ထူးထူးထွေထွေ စဉ်းစားနေတာ မဟုတ်ပါဘူး။ သူတို့ ပြောလာတော့မှပဲ ဟိုးအတိတ်က ပုံရိပ်နှစ်ခုက မှတ်ဥာဏ်ထဲမှာ ရုန်းကြွလာလို့ စာတစ်ပုဒ်ဖန်တီးပြီး ဆုံးမနှိပ်ကွပ်ရပါတော့တယ်။
ခင်မောင်တိုး ဆိုလို့ပါ။ အော် သူလည်း မရင်ကျက်သေး မပြည့်ဝသေးတဲ့ ဘောင်ဘင်ခတ်ရေအိုးပမာ ငယ်စဉ်ကာလတုန်းက ကဗျာဆန်ဆန် ကာရန်အချိတ်အဆက်မိမိ နဲ့ စကားလုံးကျစ်လစ်သလောက် အဓိပ္ပါယ်ရှိလှတဲ့ ခင်မောင်တိုး ရဲ့ သီချင်းစာသားလေးတွေကို ကြိုက်နှစ်သက်ခဲ့ဘူးတာပေါ့။ သည့်ပြင် ခင်မောင်တိုး ဆိုတာ မန်းသားလို့ သိရပြန်တော့ ဒေသစွဲလေးနဲ့ ပို အားပေးခဲ့တယ်။ အဲသည်အချိန် ၁၀ ကျော်သက်အရွယ် သူရဲ့ နုပျိုစဉ်ကာလ ကိုယ်စွမ်း ဥာဏ်စွမ်းတွေကို မြတ်စွာဘုရားရှင်ရဲ့ ပရိယတ္တိသာသနာထဲမှာ အစွမ်းကုန် မြှပ်နှံခဲ့တာပါ။ ပရိယတ္တိကို အားစိုက်နေရသူတို့ ဖြစ်လေ့ ဖြစ်ထ ရှိကြတဲ့အတိုင်း ပဋိပတ်ဆိုတာကတော့ ကြားဘူးရုံ ဆိုမျှပါပဲ။ သေချာကျန မထိတွေ့ရသေးပါဘူး။ ကျောင်းတိုက်ရဲ့ စည်းကမ်းအရ မဖြစ်မနေ လုပ်ရမယ်ဆိုလို့သာ အများနဲ့ ရောချ လုပ်လာရတာ။ သိပ်ထိထိ မိမိလည်း မရှိပါဘူး။ ငယ်လည်း ငယ်၊ ဘာသံဝေဂ မှလည်း ရှိသေးတာ မဟုတ်တော့ တရားထိုင် ကြေးစည်ထိုးသံကြားတိုင်း စိတ်ပိန်လှပါတယ်။ သည်တော့ တရားမှတ်ဘို့ ဓမ္မာရုံကို သွားတဲ့ ခြေလှမ်းတိုင်းဟာ အသိလည်း မပါ၊ သတိလည်း မပါတဲ့ ပျင်းတိပျင်းချာ ခြေလှမ်းများစွာပဲ ဖြစ်ခဲ့ရတာပေါ့။
အဲသည်အချိန်တုန်းက သူပညာသင်ကြားနေတဲ့ ကျောင်းတော်ကြီးရဲ့ ကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စကားလုံးတွေ အမှတ်ရနေပါသေးတယ်။ တရားထိုင် ကြေးစည်ထိုးရင် စိတ်ပိန်လွန်းလို့ ကြေးစည်သံဟာ ‘ပိန် ပိန်’ နဲ့ နားထဲကြားနေသလို၊ ဆွမ်းစားသံချောင်း ခေါက်သံကလည်း ‘ဒေါင် ဒေါင်’ အစား ‘ချည်ရေ’ ‘ချည်ရေ’ လို့ ကြားနေသလိုပဲတဲ့။ ဟုတ်တာပေါ့။ သူတို့ ငယ်ငယ်တုန်းက ချည်ရေဟင်း နဲ့ ပရိယတ္တိအသက်ကို ဆက်ခဲ့ရတာပါ။ လွယ်တာမှတ်လို့။
ဒီလိုနဲ့ အသက် ၂၀ ကျော်စ အောက်စ်ဖို့ဒ်တက္ကသိုလ် အလား တင်စားခံခဲ့ရဘူးတဲ့ မစိုးရိမ်တက္ကသိုလ်ကြီးမှာ ဆက်လက်ပညာသင်ကြားရပြန်တော့ သူရဲ့ စားဝတ်နေရေးကို မန်းသူများဖြစ်ကြတဲ့ ရဟန်းအမကြီးတွေက တာဝန်ယူကြပါတယ်။ သူ ဆွမ်းခံကြွတိုင်း ဆွမ်းစီစဉ်မပြီးသေးသရွေ့ ရဟန်းအမရဲ့ အမေ အသက် ၇၀ ကျော် အဖွားကြီးနဲ့ စကားစမြည် ပြောရတော့တာပေါ့။ ငယ်စဉ် ၁၆ နှစ်သားလောက်ကတည်းက ရဟန်းလောင်းအဖြစ်ကြိုတင် ယူထားခဲ့တာမို့ သူ့ကို သား သမီးလို ကလေးလို ဆက်ဆံတာက များပါတယ်။ မန်း ရဲ့ ယဉ်ကျေးမှုအရ ရင်းနှီးရင် မိသားစုဝင်လို ဖြစ်သွားတာပါ။ အိမ်ရောက်တိုင်း သူထိုင်နေကျ ခုံရဲ့ ညာဘက်ဘေးမှာတော့ အဲသည်ခေတ်တုန်းက အရမ်းပေါ်ပြူလာဖြစ်တဲ့ စောင်းဘောက်နှစ်ဘက်ပါ ဆိုနီကက်ဆက်ကြီးက ၀င့်ဝင့်ကြွားကြွား ရှိနေပါတယ်။ ကက်ဆက်ဘေးမှာတော့ ကာဗာအဟောင်းလေးနဲ့ ခင်မောင်တိုးရဲ့ ‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’ ဆိုတဲ့ တိတ်ခွေရယ်၊ ဇော်ဝင်းထွဋ် ၊လေးဖြူ တို့ရဲ့ အသစ်စက်စက် သီချင်းခွေတွေကို သူခုထိ ကောင်းကောင်းမှတ်မိတာပေါ့။ အော် အိမ်က ရဟန်းအမကြီးရဲ့ တူတွေ တူမ တွေ က သူနဲ့ အရွယ်မတိမ်းမယိမ်း တက္ကသိုယ် ကျောင်းသား/သူတွေကိုး။ သည်တော့ သူတို့ခေတ် သူတို့အကြိုက် အဆိုတော်တွေရဲ့ တိတ်ခွေတွေ ၀ယ်နားထောင်ကြတာ မဆန်းပါဘူး။ ဆန်းနေ ခက်နေတာက ရွယ်တူဖြစ်နေတဲ့သူပါပဲ။ အိမ်ဆွမ်းခံရောက်တိုင်း အဖွားကြီး အိမ်နောက်ဝင်သွားဘီဆိုတာနဲ့ အနားရှိတဲ့ ကက်ဆက်ကို ကောက်ဖွင့်တော့တာကိုး။ အိမ်ကလည်း ကလေးလို သဘောထားတာဆိုတော့ ဘာမှ ထူးထွေ ပြောမနေပါဘူး။ ရဟန်းအမ ဆွမ်းစီစဉ်လို့ မပြီးမချင်း တစ်ခွေပြီး တစ်ခွေဖွင့်တော့တာပါပဲ။ အဲ နောက် သုံး လေးရက်ကြာမှာတော့ သူအိမ်ထဲကို ကြွလာတာနဲ့ အဘွားကြီးဟာ အိမ်နောက်ဘက်ကို တန်းဝင်သွားတော့တာပဲ။ သူသာ ပြန်သွားရော ထွက်မလာတော့ပါဘူး။ ကြာတော့ ဒါကို သူရော သူ့ ရဟန်းအမကပါ သတိထားမိလာတယ်။ ဘာမှားနေသလဲပေါ့။ တစ်ရက်မှာတော့ သူလာတုန်း အိမ်နောက်ဖေးဝင်သွားတဲ့ အဖွားကြီးကို သမီးဖြစ်တဲ့ သူ့ရဟန်းအမက …..
“ အမေကလည်း ကိုယ့်ဦးဇင်းကြွလာတာကို ဧည့်ခံ စကားမပြောဘဲနဲ့ အိမ်နောက်ဖေးဝင်ပြီး ဘာလို့ ဦးဇင်းကို တစ်ပါးတည်း ပစ်ထားရတာတုန်း၊ အဲလို မလုပ်ပါနဲ့” လို့ ပြောပါလေရော။
“ ငါ ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ဘူး။ နားညီးလို့ ဟေ့၊ နားညီးလို့၊ ဘယ့်နှယ့်တော် နင် ကိုယ်တော်က အိမ်ရောက်တာနဲ့ ဖွင့်လိုက်တဲ့ ကက်ဆက်။ မသကာ တွံတေးသိန်းတန် သီချင်းတို့၊ ဟင်္သတထွန်းရင် တို့ ဆိုရင် တော်သေးတယ်၊ ခုတော့ သူဖွင့်လိုက်တဲ့သီချင်းတွေက ဘာတွေမှန်းလည်း မသိဘူး၊ ငါနားထဲမှာတော့ ဇွန်း ကျသလိုလို၊ ပုဂံကျသလိုလိုနဲ့ အေ့” တဲ့။ သေပါရော ဇော်ဝင်ထွဋ် နဲ့ လေးဖြူတို့ရေ။
“ အို အမေကလည်း သူ့ဘာသာ အိမ်ရောက်တုန်း တစ်ခါတလေ ဖွင့်တာ ဖွင့်ပါစေ။ သမီးတို့ သူ့ကို ရဟန်းခံခါနီးမှ ရထားတဲ့ ဦးဇင်းမဟုတ်ဘူး။ ကလေးဘ၀၊ ကိုရင် ဘ၀ကတည်းက ရဟန်းအမအဖြစ် ယူထားတဲ့သူ။ သမီးတို့ ဦးဇင်း စာတော်တယ်၊ စာကြိုးစားတယ် ဆိုတာ အမေလည်း သိတာပဲ။ ကိုရင်ဘ၀နဲ့လည်း သာမဏေကျော် သကျသီဟ စာမေးပွဲတောင် အောင်ထားတာ။ အမေရဟန်းခံထားတဲ့ သူတွေထဲမှာ ဘယ်နှစ်ပါး အောင်ဘူးလို့တုန်း၊ ခုလည်း မစိုးရိမ်ဆိုတာက တကယ် စာကြိုးစားရတဲ့နေရာ။ သူ့ခမျာ အိမ်ရောက်တုန်း စိတ်ပြေလက်ပျောက်ဖွင့်တာ ဖွင့်ပါစေ။ အမေ့မြေးတွေလည်း ဦးဇင်းနဲ့ ရွယ်တူတွေပဲဟာ။ သူတို့လောက် ဆိုးနေလို့လား။ သူတို့ခမျာ အရွယ်ကောင်းတွေ သာသနာ့ဘောင်မှာ အောင့်အည်း သည်းခံနေကြရတာ။ အမေမှာလည်း မြေးတွေရှိတာပဲ။ ကိုယ်ချင်းစာစိတ်ကလေးနဲ့ နားလည်ခွင့်လွှတ်ပေးလိုက်ပါ၊ သူ့အရွယ် သူသိက္ခာနဲ့သူ တဖြေးဖြေးနဲ့ ပြင်သွားပါလိမ့်မယ်၊ ဆရာတော်ကြီးတွေ ဖြစ်တဲ့အခါ အမေ ဖွင့်ခိုင်းတောင်မှ အဲလို သီချင်းတွေ သူဖွင့်မှာ မဟုတ်ပါဘူး” တဲ့။
ကောင်းရော။ မန်းသူ မန်းသား ဆိုတာ သာသနာတော်အပေါ်မှာ အဲလို နားလည်မှုတွေနဲ့ကို ကြည်ညိုတတ်ကြတာလေ။
“အော် ငါ့ကြောင့် သူတို့ သားအမိ စကားများကြရပြီ။ ဒီကက်ဆက် ငါဘယ်တော့မှ မဖွင့်တော့ဘူး” လို့ ချက်ချင်းဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက် အိမ်ရောက်တဲ့အခါ အဖွားကြီး ကိုယ်တိုင်က တိုက်တွန်းရင်တောင်မှ အဲဒီကက်ဆက်ကို မဖွင့်ဖြစ်တော့ပါဘူး။ ဒါဟာ ဟိုး အသက်၂၀ အရွယ် ပဉ္ဇင်းငယ်ဘ၀က ကြုံခဲ့ရဘူးတဲ့ ပုံရိပ်တစ်ခုပါ။
ဒီလိုနဲ့ ပြည်တွင်းသာမက ပြည်ပက ဘွဲ့တွေနဲ့ပါ ပညာစုံလို့ ဆရာသက်တမ်းတောင် ၁၅ နှစ် အပါးဝခဲ့ပါပြီ။ လက်ချိုးရေတွက်ရင် အသက်တွေလည်း တိုးလာခဲ့တာ မနည်းဘူးဆိုပါတော့။ တစ်နေ့ စာသင်ခန်းထဲ စာချဘို့ သွားခါနီး ဆယ်ကျော်သက် တပည့်တစ်သိုက် ရောက်လာပါတယ်။ အင်္ဂလိပ်စာ သင်ပေးဘူးထားတဲ့ တပည့်တွေပါ။ မကြာခဏ လာလည် တတ်ကြတာမို့ “ အေး နင်တို့ ခနနေအုံး၊ ငါ စာသွားချလိုက်အုံးမယ်” ဆိုပြီး အခန်းထဲ ပစ်ထားခဲ့တယ်။ စာချပြီး အခန်းထဲပြန်ရောက်လာတော့ ကလေးတွေက မရှိတော့ပါဘူး။ မစောင့်နိုင်ဘူး ထင်ပါရဲ့ ။ ဖြတ်ကနဲ့မြည်တဲ့ အလင်းတန်းနဲ့အတူ အခန်းထဲက အောက်စက်က ပွင့်လာပါတယ်။ အော် လျှပ်စစ်မီး ပြန်လာတာကိုး။ သူ စာချသွားတုန်း ကလေးတွေ ခွေထိုးကြည့်ရင်း မီးပြတ်သွားလို့ ခွေ ပြန်မထုတ်ခဲ့တာဖြစ်မှာပါ။ ကိုယ်ဆီမှာ ရှိတဲ့ စီဒီခွေလည်း မဟုတ်ဘူး။ ဘာခွေတွေပါလိမ့်လို့ စူးစမ်းချင်စိတ်နဲ့ စောင့်ကြည့် နားထောင်လိုက်ပါတယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ပုံရိပ်တွေက ၀တ်ထားတာ ဘာတွေမှန်းမသိသလို၊ ဆိုနေတာကလည်း ဘာတွေမှန်း မသိပါဘူး။ သိတာတစ်ခု ကတော့ မြန်မာလူမျိုးတွေ ဆိုတာပါပဲ။ အသံနဲ့အတူ သီချင်းစာသားတွေ ပေါ်လာတော့၊ ဘုရား ဘုရား အမိနဲ့သား မောင်နဲ့ နှမချင်းတောင်မှ နားထောင်လို့ မသင့်တော်တဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို သီချင်းလုပ် ဆိုနေကြတာပါ့လား။ တစ်ချို့စကားလုံးတွေဆိုရင် တော်တော်ကို ရိုင်းစိုင်းကြမ်းတမ်းလှပါတယ်။ ကိုယ်တပည့်တွေက ဒါတွေကို နားထောင်တယ်ဆိုတော့ စိတ်ထဲလည်း တော်တော်တိုသွားပါတယ်။ ဘယ်လိုမှ ခံစားလို့မရသလို၊ အရွယ်နဲ့ အသိကလည်း ဒီစကားလုံးတွေကို လက်မခံနိုင်ပြန်ဘူး။ နောက်ရက်ရောက်ရင်တော့ သူတို့ကို ခေါ်ပြီး ပြောဆိုဆုံးမရအုံးမယ်လို့လည်း စိတ်ထဲမှာ တေးထားလိုက်ပါတယ်။ စိတ်ဆိုးလည်း တော်တော်နဲ့ မပြေပါဘူး။ ဒါပေမယ့် ရုတ်တရက် ငယ်ငယ်တုန်းက ကိုယ်တွေ့ကြုံရဘူးတဲ့ ရဟန်းအမ အမေ အဖွားကြီးနဲ့ ဖြစ်ပျက်ခဲ့တဲ့ပုံရိပ်က အာရုံမှာ ဖြတ်ကနဲ့ ပေါ်လာပါတယ်။
“ အော် သူ့ မျိုးဆက်နဲ့သူ သူခေတ်နဲ့သူ ရှိနေကြတာ သဘာဝပဲ။ ကလေးတွေကို ငါရမ်းပြောလို့ မဖြစ်ချေဘူး” ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေး ရုတ်တရက် ၀င်လာပါတယ်။ သူက ညပိုင်းဆိုရင် အသက် ၁၅ နှစ်နဲ့ ၂၀ ၀န်းကျင်ကြားရှိကြတဲ့ စာသင်သား ကိုရင် ဦးဇင်းတွေကို စာချပေးပါတယ်။ ပါဠိသဒ္ဒါ သဘောသွားနဲ့ စာကြည့်ပုံ ကြည့်နည်းတွေကို ဦးစားပေးပြောတာပါ။ တစ်တိုက်လုံးမို့ ကျောင်းသားဦးရေ ၂၀၀ လောက်ရှိပါတယ်။ အဲဒီနေ့မှာတော့ သူရင်ထဲမှာ လိပ်ခဲတင်းလင်း ဖြစ်နေတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း သိချင်တာနဲ့ စာကို ခဏသာ ချပြီး ညနေတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို သူတို့ကို ပြောပြ၊ သူတို့ အားလုံးထံက သဘောထားတွေကိုလည်း မေးကြည့်လိုက်ပါတယ်။
သီချင်းစာသားမှတ်မိသလောက်ကို ရွတ်ပြရင်း……
“ မင်းတို့ အဲဒီသီချင်းတွေကို ကြားဘူးလား”
“ကြားဘူးတယ် ဘုရား”(အားလုံး ဖြေသံ)
“ရကော ရလား”
“ ရတယ် ဘုရား” (တစ်ချို့ တစ်ဝက်ဖြေသံ)
“ ကြိုက်ကော ကြိုက်လား”
“ကြိုက်တယ်ဘုရား” ( အားလုံး ဖြေသံ )
ဟိုက် ရှာလပတ်ရည် လို့သာ ဆရာအီကြာကွေး လေသံအတိုင်း ဟစ်လိုက်ချင်ပါတယ်။
သူအဖြေရသွားပါပြီ၊ ကိုယ့်အရွယ၊် ကိုယ့်အတွေးးအခေါ်၊ ကိုယ့်အမြင်တွေနဲ့ generation ကွာခြားတဲ့ ဆယ်ကျော်သက်ရွယ် သူတို့လေးတွေကို နေရာတကာ လိုက်ပြီးတိုင်းတာနေလို့၊ ပြိုင်နေလို့ ကတော့ ကိုယ်သာ မောသွားမှာပါ။ သူဟာနဲ့သူ ရှိနေတဲ့ ခေတ်ရေစီးကြောင်းကို အတင်းတွန်း ပိတ်ဆို့ဟန်တားလို့ မရပါဘူး။ အလွန်အကျွံ မဖြစ်အောင်သာ ထိန်းသိမ်းပေးရမှာပါ။ အဲသည်နောက်မှာတော့ ကလေးတွေကို ခေါ်ပြီး ဆူစရာ ငေါက်စရာ မလိုတော့ဘူးလို့ သူ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်တယ်။ ရုတ်တရက် သူငယ်စဉ်က စိတ်ထဲမှာ သိပ်အစာမကြေခဲ့တဲ့ အိမ်က အဘွားကြီးကိုလည်း သတိရလိုက်မိတယ်။ သူ တစ်စုံတစ်ခု ပြောပြချင်ပေမယ့် အဘွားက မရှိရှာတော့ဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက လူ့လောကကြီးကို စွန့်ခွါသွားခဲ့ပြီပဲ။