Thursday, August 25, 2011

ခေါင်းတုံး ဘာ့ကြောင့် တုံးရတယ်

Posted by ရေကြည်ချမ်းမြ


       စလွန်းကားအနက်ရောင်လေးက ချန်ဂီလေဆိပ်ဘက်ကို ဦးတည်ပြီး တရိပ်ရိပ် ပြေးနေတယ်။ စင်္ကာပူရဲ့ ရှုခင်းတွေကို ငေးမောကြည့်ရှုရင်းနဲ့  ကားကက်ဆက်က ဖွင့်ထားတဲ့ သတင်းတွေကို နားထောင်နေတုန်း ကားမောင်းသူရဲ့ စကားတစ်ခွန်းက စာရေးသူရဲ့ အတွေးရေယဉ်ကို တန့်သွားစေခဲ့တယ်။
' အရှင်ဘုရား မေးစရာလေးတစ်ခု ရှိလို့ဘုရား'
' ဆယ်ခုမေးနိုင်တယ်၊ မေးပါ'
'တပည့်တော် အလုပ်ထဲမှာက နိုင်ငံခြားသား သူငယ်ချင်း လုပ်ဖော်ကိုင်ဘက်တွေရှိတယ် ဘုရား'
'အင်း ဆိုပါတော့၊ ဘာဖြစ်လဲ'
'သူတို့က ဘာသာခြား၊ လူမျိုးခြားတွေ၊ မိန်းခလေးတွေလည်း ပါတယ်'
'အော် ဟုတ်လား၊ သူတို့က တစ်ခုခုမေးနေလို့လား'
'ဟုတ်တယ်ဘုရား၊ နင်တို့ ဘုန်းကြီးတွေ ဘာလို့ ကတုံး တုံးရတာလဲ၊ ကတုံး တုံးတာ Sexy ဖြစ်အောင် လို့လား' တဲ့ ဘုရား၊ အဲဒါ တပည့်တော် ဘယ်လို ဖြေရမှန်း မသိဘူး'

မထင်မှတ်ထားတဲ့ မေးခွန်းမို့ ရီရမှာလား ငိုရမှာလား မသိန်းရှင် ရေ လို့တောင် ပြောရမလို။ သေချာတွေးကြည့်လိုက်တော့လည်း ဗုဒ္ဓဘာသာကို ကောင်းကောင်း မလေ့လာဘူးတဲ့ ဘာသာခြားတွေအဘို့ မေးမယ်ဆိုလည်း မေးချင်စရာ၊ ၂၀ ရာစု နှစ်နောက်ပိုင်း ကမ္ဘာမှာ ခေါင်းတုံးတွေ တော်တော် ခေတ်စားလာတာကိုး။ ဘောလုံးသမားလည်း ကတုံး၊ အဆိုတော်လည်း ကတုံး၊ လက်ဝှေ့ကျော်တွေကလည်း ကတုံး၊ ရုပ်ရှင်သရုပ်ဆောင်တွေကလည်း ကတုံးစသဖြင့်  ကတုံးနဲ့ လွတ်တဲ့နေရာ ဘယ်မှာ ရှိလို့လဲ။ မြန်မာပြည်မှာတော့ တကယ်လား အတည်လား မပြောတတ်ပေမယ့် အနုပညာရှင်တွေ ခေါင်းတုံးတုံးတဲ့ ခေတ်တောင် ရှိခဲ့သေးတာ။
        
မိမိတို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ သွင်ပြင်လက္ခဏာဟာ မြင်နေကျသူတွေအတွက် မဆန်းပေမယ့် မမြင်ဘူးတဲ့ ဘာသာခြား လူမျိုးခြားတွေအဘို့မှာတော့ တော်တော်ထူးဆန်းတဲ့ ဒီဇိုင်းလို့ ပြောလောက်ပါတယ်။ အခြားသော ပြည်ပနိုင်ငံတွေကို သွားတဲ့အခါ လူအများရဲ့ အမြဲတမ်း ဂရုတစိုက်အကြည့်ခံရတဲ့ အသွင်ပြင်ပါ။ ဒါ့ကြောင်လည်း စင်္ကာပူနိုင်ငံ ဆန်တိုဆာကျွန်း လို နေရာမျိုးကို သွားတဲ့အခါ အနောက်နိုင်ငံသားတွေဟာ ဘုန်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ဘို့ ပိုစိတ်ဝင်းစားတာကြတာကို တွေ့ရပါတယ်။  စာရေးသူကိုယ်တိုင် မလေးရှား မျှော်စင်ညီနောင်ကို ရောက်တော့ အာရပ်နိုင်ငံတစ်ခုက မွတ်စလင်မိသားစုက ဓာတ်ပုံအတူ ရိုက်ဘို့ ခွင့်တောင်းလို့ အရိုက်ခံခဲ့ဘူးပါတယ်။ ကိုယ့်နိုင်ငံမှာဆိုရင် မွတ်စလင်နဲ့ ဘုန်းကြီး ဘယ်လိုမှ စဉ်းစားလို့မရတဲ့ကိစ္စ။ ဒါဟာ အခြားအကြောင်းကြောင့် မဟုတ်ပါဘူး၊ အသွင်အပြင် ထူးဆန်းနေလို့ပါ။ တစ်ခါတစ်ခါ 'ငါတို့ဘုရားရှင်ဟာ သူ့သားတော်ရဟန်းသံဃာတော်တွေအတွက်  အမြဲတမ်း update ဖြစ်နေစေမယ့် ဖက်ရှင်မူကို ချမှတ်ပေးသွားတာပဲ' လို့ တွေးပြီး ဘုရားကို ပိုမိုကြည်ညိုစိတ်တောင် ဖြစ်မိပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်ပေမယ့် ဘုရားချမှတ်ပေးတဲ့ ဖက်ရှင်ကတော့ ခေတ်မီဆဲလို့ ဆိုရမှာပါ။
         
'ကာမဂုဏ်ချမ်းသာတွေကို အဖန်တလဲလဲ သုံးဆောင်ခံစားတဲ့ ကာမသုခလ္လိကာနုယောဂအကျင့်မျိုးဟာ ယုတ်ညံ့ပြီး အစွန်းရောက်တဲ့ အကျင့်ဖြစ်တယ်၊ သာသနာ့ဝန်ထမ်း ရဟန်းတွေ မမှီဝဲအပ်' လို့ တရားဦးဓမ္မစကြာ မှာ ဘုရားရှင် ကိုယ်တိုင် အတိအလင်း ဟောကြားထားတာမို့ Sexy ဖြစ်အောင် ခေါင်းတုန်း  တုံးတာ မဟုတ်ဘူး ဆိုတာတော့ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ လောကမျက်လုံးနဲ့ ကြည့်ကြတဲ့အခါ လူသားတွေအဘို့ ဆံပင်ဆိုတာ အမြတ်တနိုး တန်းဘိုးထားတဲ့ အရာတစ်ခုပါ။ တန်းဘိုးထားလွန်းလို့လည်း လှအောင်ပြင်ကြ၊ လှအောင် ထိန်းသိမ်းထားကြတာပေါ့။ "ယောကျာင်္းတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး" လို့တောင် မြန်မာစကားပုံရှိပါတယ်။  ဓမ္မမျက်လုံးနဲ့ ကြည့်တဲ့အခါမှာတော့ ဆံပင်ဆိုတာဟာ ရွံရှာဖွယ် ရုပ်ဝတ္ထု၊ လူသားတွေကို ပိုက်ဆံကုန် အလုပ်များစေတဲ့ အရာတစ်ခုပါ။
           
လောကကြီးမှာ ကိုယ့်အမွေးနဲ့ကိုယ် အလုပ်ရှုပ်တဲ့ သတ္တ၀ါကို ပြောပြပါဆိုရင် လူ သတ္တ၀ါကိုပဲ ပြောရမှာပါ၊ အခြားသတ္တ၀ါတွေက လူသားတွေလောက် အမွေးနဲ့ပတ်သက်ပြီး အလုပ်မရှုပ်ပါဘူး။ ဆံပင်ထားလို့ ရတဲ့ ချမ်းသာထက် ဆံပင်မထားလို့ ဆံပင်ကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေ ရှင်းသွားတဲ့အခါ ခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်ဆိုတာ လက်တွေ့ခံစားဘူးတဲ့ သူတွေမှ ပိုသိမှာပါ။ အလုပ်ရှုပ်သက်သာ၊ ငွေကုန်သက်သာတာကိုး။ ဆံပင်ရှိရင် ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု (၁၆) ခု ရှိပါတယ်။ အဲဒီကြောင့်ကြမှုတွေကို သိလိုက်ရင် ကိုယ့်ရဲ့ဆံပင်ဟာ ကိုယ့်ကို ဘယ်လောက်ထိ ဒုက္ခပေးသလဲ ဆိုတာ မြင်လာမှာပါ။
        
  တစ်ခါက အရှင်နာဂသိန် လို့ ဖြစ်လာမယ့် နာဂသေနာ သတိုးသားလေး ဟာ အရှင်ရောဟဏ မထေရ်ကို မေးပါတယ်။
'အရှင်ဘုရား၊ အရှင်ဘုရားရဲ့ ဆံပင်တွေဟာ အဘယ်ကြောင့် အခြားသူတွေရဲ့ ဆံပင်ကဲ့သို့ မဟုတ်ပါသလဲ'
'သူငယ်၊ ကြောင့်ကြမှု (၁၆) ပါးကို မြင်သောကြောင့် ငါသည် ဆံပင် မုတ်ဆိတ်တို့ကို ရိတ်ပယ်၍ ရဟန်းပြု၏'

ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု ( ၁၆ ) ပါး ဆိုတာက=
၁။ တန်ဆာဆင်ရခြင်း ကြောင့်ကြ။
၂။ ပြေပြစ်ချောမွေ့အောင် လုပ်ရခြင်းကြောင့်ကြ။
၃။ ခေါင်းလိမ်းဆီ လိမ်းရခြင်းကြောင့်ကြ။
၎။ ခေါင်းလျှော်ရခြင်း ကြောင့်ကြ။
၅။ ပန်းပန်ရခြင်းကြောင့်ကြ။
၆။ အမွှေးနံ့သာ လိမ်းရခြင်း ကြောင့်ကြ။
ရ။ တရော် ကင်ပွန်းစသည် စိမ်ရခြင်း ကြောင့်ကြ။ ( ယခုခေတ်မှာ နည်းပါးသွားပါပြီ )
၈။ သျှစ်သျှားသီး ရှာရခြင်းကြောင့်ကြ။
၉။ သဖန်းခါးသီး ရှာရခြင်း ကြောင့်ကြ။
၁၀။ ဆံပင်ဆေးဆိုးရခြင်းကြောင့်ကြ။
၁၁။ဆံပင် ထုံးရခြင်းကြောင်ကြ။
၁၂။ ခေါင်းဖြီးရခြင်း ကြောင့်ကြ။
၁၃။ ဆံပင်ညှပ်ဆရာနှင့် ပြုပြင်ရခြင်း ကြောင့်ကြ။
၁၄။ ထုံးပြီးဆံပင်ကို ပြန်ဖြေရခြင်း ကြောင့်ကြ။
၁၅။ သန်းရှာရခြင်း ကြောင့်ကြ။
၁၆။ ဆံပင်တို့ ကျွတ်ခဲ့သော် စိုးရိမ် ညီးတွား ပူဆွေး ငိုကြွေးရ၏၊( မိလိန္ဒပဥှပါဠိတော်)

'သူငယ်၊ ဤ ကြောင့်ကြမှု ( ၁၆ ) ပါးတို့ဖြင့် ရစ်ပတ် နှောက်ယှက်ခြင်းခံရကုန်သောလူတို့သည် အလွန်သိမ်မွေ့နူးညံ့လှကုန်သော အလုံးစုံသော အတတ်ပညာတို့ကို ဖျက်စီးကြလေကုန်၏'  လို့ အရှင်ရောဟဏ မထေရ် က ဖြေတော်မူပါတယ်။
         
ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု ဒုက္ခတွေကို သိရင် ဆံပင်ကို ရိတ်ပစ်လိုက်လို့ ရရှိတဲ့ ချမ်းသာမှုကို နားလည်လာမှာပါ။ ဒါကြောင့်လည်း စာရေးသူနဲ့ သိတဲ့ ဒကာတစ်ယောက်က လျှောက်ဘူးပါတယ်။
          'တပည့်တော် ဒုလ္လဘ၀တ်ပြီးကတည်းက ဆံပင်အရှည် မထားတော့ဘူးဘုရား၊ ခေါင်းတုံးနဲ့ နေရတာ သိပ်ချမ်းသာတယ်၊ အနည်းဆုံး စင်္ကာပူလို အချိန်ရှားတဲ့ နေရာမျိုးမှာ ဆံပင်အတွက် သိပ်ပြီး အလုပ်မရှုပ်တော့ဘူး ဘုရား' တဲ့။ ခေတ်ကာလ အခြေအနေအရမှာတော့ အလုပ်မရှုပ်တဲ့အပြင် လူအများ စိတ်ဝင်းစားတဲ့ စတိုင်လ်တစ်မျိုး ဖက်ရှင်တစ်မျိုးတောင် ဖြစ်နေပါပြီ၊။
           
သည်လိုပြောလို့ ခေါင်းတုံးဝါဒထွန်းကားရေးဘက်ကနေ ရှေ့နေလိုက်ပေးနေတာ မဟုတ်ပါဘူး။ လူအမျိုးမျိုးမို့ ဆံပင်နဲ့ပတ်သက်ပြီး အမြင် အမျိုးမျိုး ရှိကြမှာပါ။ သုခ လား ဒုက္ခ လားဆိုတာတော့ ကိုယ်တိုင် လက်တွေ့ကျကျသာ စမ်းသပ်ကျင့်သုံးကြည့်ကြရုံပါပဲ။





Friday, August 19, 2011

‘ကလေးအရွယ် လိမ္မာနှင့်ပါမှ’

Posted by ရေကြည်ချမ်းမြ


“ သမီး အမေ့ကို တီဗီရီမုပေးစမ်း ”

တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။

“ အင့်ဟာ... ”
ဖုန်း...
ဖုန်း...
“ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း”

ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။

“ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”

   ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော်အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ လည်ပင်းတွင် တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလို တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။

“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”
“ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ”

သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။ (http://www.myatmon.com/2011/06/blog-post.html)
        
  အွန်လိုင်း ရွှေဝတ္ထုတို ဆုပေးဘို့ ဆန်ကာတင်ရွေးချယ်ထားခြင်းခံရတဲ့  မြတ်မွန် ရဲ့ ‘မေတ္တာဖြင့်မိုး နှလုံသားနှင့်ကာ’ ၀တ္ထုတိုထဲက ဇာတ်ရှိန်အမြင့်ဆုံး နေရာလေးပါ။ ၀တ္ထုတိုလေးက တစ်ကယ်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတယ်လို့ ယုံကြည်ပါတယ်။ ၀တ္ထုတိုလေးကို ဖတ်ပြီး ၀တ္ထုထဲမှာပါတဲ့ ဇနီးမောင်နှံနှစ်ယောက်ကို ကရုဏာသက်မိသလို အခြားသော ပြည်ပနိုင်ငံတွေမှာ အခြေချ နေထိုင်ကြပြီး သားသမီးလေးတွေမွေးထားကြတဲ့ မိဘတွေရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ကြောင့်ကြမိပါတယ်။
        
  ကိုယ်တိုင် ပြည်ပမှာ ကလေးတွေနဲ့ ဆက်ဆံ ထိတွေ့နေရသူမို့ ကိုယ်ချင်းလည်း စာပါတယ်။ ထိတွေ့ရတယ်ဆိုတာကလည်း ပုံစံအမျိုးမျိုးပါ။ အိမ်တွေကို အကြောင်းအားလျော်စွာ ကြွတဲ့ အခါမျိုး၊ ကျောင်းကို ယဉ်ကျေးလိမ္မာသင်တန်း (Sunday School) လာသင်တဲ့ အခါမျိုးတွေမှာပါ။ ကြာလာတော့ စင်္ကာပူက ကလေးပေါက်စတွေကိုမြင်ရင် ခေါင်းတွေမူးပြီး တွေ့ရမှာ ကြောက်နေတဲ့ အဆင့်တောင် ဖြစ်နေပါပြီ။ ခဏလေးတွေ့ရတာတောင် သည်လောက်ဖြစ်နေရင် သူတို့မိဘတွေ ဒီကလေးတွေနဲ့ တစ်နေကုန် ဘယ်လို နေကြသလဲ ဆိုတာ မတွေးတတ်အောင်ပါပဲ။ သူတို့တစ်တွေ အငြိမ်မနေချက်ကတော့ အတော်အတန် အဘိုးအဘွားတွေဆိုရင် ခေါင်းမူးပြီး သွေးတက်သေမှာတောင် စိုးရိမ်ရပါတယ်။
          
 အကြောင်းအားလျော်စွာ ပင့်လို့ အိမ်တွေကို ကြွရောက်တိုင်း ကလေးတွေကြောင့် တရားဟောရင်း စိတ်အနှောက်ဖြစ်ခဲ့ရတာလည်း အခါအခါမို့ ‘အော် မိဘတွေ သူတို့သား သမီးတွေကို သွန်သင်ဆုံးမမှု အင်မတန်အားနည်းပါလား’ လို့ တွေးပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီကလေးတွေရဲ့ နှလုံးသားမှာ ဘာသာရေး အခြေခံ၊ မြန်မာယဉ်ကျေးမှု အခြေခံလေးတွေ သိပ်မတွေ့ရတော့ပါဘူး။ ပြောဆို ပြုမူနေထိုင်ပုံတွေက မြန်မာယဉ်ကျေးမှု မျက်လုံးနဲ့ကြည့်ရင် အင်မတန်မှ ရိုင်းစိုင်းတယ်လို့ ဆိုရမှာပါ။

တစ်ချို့ ကိစ္စတွေမှာက ကလေးတွေ အပြစ်မဟုတ်ပါဘူး။ မိဘတွေရဲ့ အမြော်အမြင် အသိဥာဏ်နည်းပါးမှုကြောင့်လို့ သုံးသပ်လို့ ရပါတယ်။ ကလေးဆိုတာမျိုးက မိဘ ဆရာသမားတွေ ပုံသွင်းတဲ့အတိုင်းသာ များသောအားဖြင့် ကြီးပြင်းလာခဲ့ကြရတာပါ။  ကလေးတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခုဟာ မိဘတွေနဲ့လည်း တိုက်ရိုက်ပက်သက်နေတယ်လို့ တွေးတတ်ရင် မိဘတွေအနေနဲ့  ရှက်စရာကောင်းပါတယ်။ တစ်ခါက အိမ်တစ်အိမ်ကို ရောက်တော့ အမေလုပ်သူက ကန်တော့ရင်း ‘ သား ဘုန်းဘုန်းတွေ ကြွလာတယ် ကန်တော့’ ဆိုတော့ သားဖြစ်တဲ့ကလေးက မကျေမနပ်မျက်နှာနဲ့ အမေ ကို ပြန်ကြည့်ပြီး ပေကပ်ကပ်လုပ်နေတာကို တွေ့ရပါတယ်။ မကန်တော့ပါဘူး။ နောက်ဆုံး မိဘက အတင်းအကြပ်လုပ်ခါမှ မကျေမနပ်နဲ့ ဘုန်းကြီးကို ၀တ်ကျေတန်းကျေ ကန်တော့တာပါ။ အဲလိုမြင်ကွင်းဟာ ထိုင်နေရတဲ့ ဘုန်းကြီးကိုလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ မိဘတွေက မိမိတို့ သားသမီး တွေကို ရတနာသုံးပါး ဘုရား ကျောင်းကန်စတာတွေနဲ့ နီးစပ်အောင် မလုပ်ခဲ့ကြတော့ ကလေးတွေက ဘာသာရေးနဲ့ စိမ်းပြီး ရိုင်းစိုင်းကုန်ကြတဲ့ သဘောပါပဲ။

စင်္ကပူမှာ မကြာသေးခင်က သိရတဲ့ အတွေ့အကြုံတစ်ခုကတော့ သားဖြစ်သူကို ဖအေလုပ်သူက ဧည့်သည်တွေ ရှေ့မှာ ‘ သား အဖေတို့ အသက်ကြီးလာရင် ဘာလုပ်ကျွေးမလဲ’ လို့ မေးပါသတဲ့။ အဲဒီအခါ  သား က ‘လွယ်ပါတယ်၊ လူအိုရုံ ပို့လိုက်မှာပေါ့’ လို့ ဖြေပါသတဲ့။ ဖအေလုပ်သူခမျာ တော်တော် သင်ခန်းစာ ရလိုက်ပါတယ်။ စင်္ကာပူမှာ မိဘတွေ အသက်ကြီးလာတဲ့အခါ သား သမီးတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနီးကပ်ပြုစု လုပ်ကျွေးတာမျိုး သိပ်ရှားပါတယ်။ လူအိုရုံကို ပို့လိုက်တာ များပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ ရေးပြရင် အများကြီးပါ။ သို့ပေမင့် ဒီလမ်းကြောင်းကို ကလေးတွေက ရွေးချယ်ခဲ့တာ မဟုတ်၊ မိဘတွေကိုယ်တိုင် အခြေအနေအရ ရွေးချယ်ခဲ့တာကြောင့် ကလေးတွေရဲ့ လိမ္မာယဉ်ကျေးမှုဟာ မိဘတွေမှာသာ အဓိကတာဝန်ရှိပါတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘ၀မျိုးမှာ သူတို့အနာဂတ်အတွက် ပြင်ဆင်ပေးရင်းနဲ့ မိမိ အနာဂတ်အတွက်ပါ ကြိုတင် ပြင်ဆင်ထားကြဘို့လည်း လိုပါတယ်။

ပြည်ပမှာ ရောက်နေကြတဲ့ မိဘတွေကို  ယေဘုယျအားဖြင့် ခွဲခြားကြည့်လိုက်ရင် တစ်ဘက်မြင်မိဘ နဲ့ နှစ်ဘက်မြင်မိဘ လို့ဆိုပြီး နှစ်မျိုးနှစ်စားတွေ့ရပါတယ်။ သား သမီးလေးတွေရဲ့ ပညာရေး ကျန်းမာရေး နေထိုင်ရေးတွေကိုသာ သဲသဲလှုပ် အလိုက်လိုက် ဂရုစိုက်ကြပြီး ဘာသာရေးနဲ့ ယဉ်ကျေးမှုကိုတော့ ဘာသိဘာသာ ပစ်ထားကြတဲ့ မိဘတွေဟာ တစ်ဘ၀စာ ကိုသာ ကြည့်တတ် မြင်တတ်ကြတဲ့ တစ်ဘက်မြင်မိဘလို့ ဆိုရပါမယ်။ တစ်ဘက်မြင်မိဘတွေဟာ များသောအားဖြင့်တော့ အသက်ကြီးလာလေ ဒုက္ခရောက်လေ ဖြစ်တတ်ပါတယ်။ ပညာရေး ကျန်းမာရေးကိုသာမက ကလေးတွေရဲ့နှလုံးသားမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာရေးအခြေခံလေးတွေကိုလည်း နားလည်သဘောပေါက်သလောက် ဂရုစိုက် သင်ကြားပြသ ဆုံးမပေးတဲ့ မိဘကိုတော့ တစ်ဘ၀စာမက သံသရာအတွက်ပါ ကြည့်တတ် မြင်တတ်တဲ့ မိဘတွေမို့ နှစ်ဘက်မြင် မိဘတွေလို့ ဆိုရပါမယ်။ အဆိုပါနှစ်ဘက်မြင် မိဘ မျိုးဟာ အသက်ကြီးလာလေ တန်ဘိုးရှိ စိတ်ချမ်းသာလေပါပဲ။

သားသမီးတွေကို ဘာသာ သာသနာ ယဉ်ကျေးမှုတွေနဲ့ နီးကပ် ထိစပ်အောင် လုပ်ပေးတာဟာ သူတို့အနာဂတ်ကိုပြင်ပေးရင်းနဲ့ မိမိတို့ရဲ့ အနာဂတ်ကိုလည်း တစ်ခါတည်း ပြင်ဆင်ပီးသား ရောက်ပါတယ်။ ဘာသာ သာသနာ ယဉ်ကျေးမှုနဲ့ ဝေးကွာသွားလို့ ကျေးဇူးရှင် မိဘတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတဲ့အခါ မိဘတွေက ဘယ်လောက်ပဲ သည်းခံ ခွင့်လွှတ်ပါစေ ကလေးမှာ အကုသိုလ်အပြစ်ကြီးပါတယ်။ အပါယ်ငရဲကို ဆွဲချနိုင်လောက်အောင်ကြီးလေးတဲ့ အဲသည်လိုအကုသိုလ်အပြစ်ကို ပြည်ပမှာ ပိုက်ဆံအကုန်ကျများစွာခံပြီး သင်ကြားပေးခဲ့တဲ့ ဘွဲ့လက်မှတ်တွေကလည်း မကယ်နိုင်ပါဘူး။ အဲဒီဘွဲ့လက်မှတ်တွေကို အကြောင်းပြုပြီး ရလာတဲ့ ဒေါ်လာတွေကလည်း မကယ်နိုင်ပါဘူး။ အဲဒါတွေက တကယ်တော့ တစ်ဘ၀စာ ရိက္ခာလေးတွေဆိုတာ သတိထားရပါမယ်။ အဲဒီ တစ်ဘ၀စာရိက္ခာလေးတွေတောင်မှ သားသမီးက ကျွေးမှ ကိုယ်က စားရမှာပါ။ သိပ်သေချာပေါက်တော့ တွက်ထားလို့ မရပါဘူး။ ကိုယ်သားသမီးလေးတွေကို အပါယ်ငရဲ ဆွဲချဘို့အထိ မိဘတွေ မိုက်မဲသလား ဆိုတာ မိဘတွေကို  မေးရမယ့်မေးခွန်းပါ။

အခုဆိုရင် ကလေးတွေက မိဘအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ပြုမူ ဆက်ဆံလာတဲ့ ဖြစ်ရပ်တွေ မြန်မာအသိုင်းအ၀ိုင်းကြားမှာပင် မကြာခဏ ကြားသိနေရပါပြီ။ မိဘတွေအနေနဲ့ ကိုယ့်သား သမီးလေးတွေကို တကယ်ချစ်တယ်ဆိုရင် သူတို့လေးတွေကို အပါယ်ငရဲ ဆွဲမနှစ်လိုက်ကြဘို့ အထူးသတိထားရပါမယ်။ မိမိထက် အသက် သိက္ခာဂုဏ်အားဖြင့်ကြီးမြတ်တဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကို ရိုသေစွာ ရှိခိုးပူဇော်မှုပြုတာဟာ ဘ၀သံသရာမှာ အသက်ရှည်ကြောင်း၊ အဆင်းလှကြောင်း၊ ချမ်းသာကြောင်း၊ ခွန်အားကြီးကြောင်း ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တိုင် ‘အဘိဝါဒနသီလိဿ နိစ္စံ ၀ုဍ္ဎာပစာယိနော ၊ စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ ၊ အာယု ၀ဏ္ဏော သုခံ ဗလံ’ လို့ ဟောကြားတော်မူထားပါတယ်။ ဒါ့ကြောင့် ရတနာသုံးပါးနဲ့ မိဘ ဆရာသမားတွေကို အရိုသေပြု ရှိခိုးတတ်အောင်လေးတင် သင်ပေးလိုက်တာဟာ သူတို့ဘ၀မှာ ဘယ်လောက်ထိ ကုသိုလ်တွေရသလဲ၊ ဘယ်လောက်ထိ အကျိုးကျေးဇူး များသွားသလဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဦးချခိုင်းတာ ၀တ်ချခိုင်းတာလေးဟာ သာမန်ကိစ္စ သာမန်ကုသိုလ် မဟုတ်ပါဘူး။

စာရေးသူတို့ ငယ်စဉ်က ကျောင်းတက်ချိန်နဲ့ ကျောင်းဆင်းချိန် နှစ်ချိန်လုံး အနားမှာရှိတဲ့ ဓမ္မာရုံက ဘုရားရှေ့မှာ ကျောင်းသား/သူ အားလုံး စုပေါင်း ဘုရားရှိခိုးကြရပါတယ်။ ကျောင်းမှာ စာသင်ရလို့ ပညာလည်းရ၊ တစ်နေ့ နှစ်ကြိမ် ဘုရားရှိခိုးဖြစ်လို့ ကုသိုလ်လည်း ရပါတယ်။ သီတင်းကျွတ်တိုင်း ရပ်ကွက်ထဲမှာရှိတဲ့ အဘိုးအဘွားတွေကို ကလေးတစ်သိုက်စုပြီး လက်အုပ်ချီလိုက်ကန့်တော့လို့ အဘိုးအဘွားတွေက နုတ်ကနေတဖွဖွပေးတဲ့ ဆုနဲ့ လက်ကပေးတဲ့ မုံ့ဘိုးအကြွေစေ့လေးတွေဟာ ယနေ့ထိပြန်တွေးတိုင်း ပီတိဖြစ်စရာပါ။ မိဘကျေးဇူးဆပ်တဲ့ သုဝဏ္ဏသာမဇာတ်ကို ဆရာတွေက ပြောပြလိုက်တော့ မိဘတွေကို ပိုမိုလေးစားပြီး ကျေးဇူးဆပ်ချင်စိတ်တွေလည်း ရင်ထဲမှာ ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ ငယ်ငယ်တုန်းကတော့ ဒါလေးတွေဟာ ဘာသိဘာသာနဲ့ တန်ဘိုးရှိမှန်း မသိခဲ့ပါဘူး။ ကြီးလာတဲ့အခါမှ ‘အော် ငါတို့ ရှေးရှေး ဆရာသမား မိဘ အဘိုးအဘွားတွေဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ငါတို့နှလုံးသားထဲ ငယ်ငယ်ကတည်းက ထည့်ပေးလိုက်တဲ့ ပညာရှိ သူတော်ကောင်းကြီးတွေပါလား’ လို့ စဉ်းစားရင်း  ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

စာရေးသူတို့ ရခဲ့တဲ့ ပတ်ဝန်းကျင်မျိုးကို ယနေ့ပြည်ပမှာ နေကြတဲ့ ကလေးတွေ မရကြသလို၊ ယနေ့ကလေးတွေရနေတဲ့ ပြည်ပက အတွေ့အကြုံနဲ့ ပညာရေး စတာတွေကိုလည်း စာရေးသူတို့ ငယ်စဉ်က မရခဲ့ဘူးဆိုတာက သေချာပါတယ်။ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေဟာ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေ တိုးတက်နေတာပါ။ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတိုးတက်တာ မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အဓိက တန်ဘိုးထားတာပါ။ မတူပါဘူး။ ပြည်ပက ပညာရေးစနစ်တော်တော်များများဟာ ဦးဏှောက်ဖွံ့ဖြိုးမှုကို အဓိကထားတာပါ။ ကလေးတွေရဲ့ နှလုံးသားဖွံ့ဖြိုးမှုကိုတော့ သိပ်ပြီး အဓိကမထားပါဘူး။ ဒါကြောင့်လည်း ကလေးတွေဟာ ရိုင်းစိုင်းလာပြီး ကြာလေ အတ္တကြီးလေဖြစ်လာခဲ့ရတာပါ။ အင်္ဂလန်နိုင်ငံမှာ  မကြာခင်က ဖြစ်ပျက်သွားခဲ့တဲ့ လူငယ်တွေ လုယက်သောင်းကျန်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရနဲ့ တာဝန်ရှိသူတွေ အတော်ခေါင်းခြောက်ခဲ့ပါတယ်။ အကြောင်း အကျိုး အဖြေရှာကြတဲ့အခါ  အကြောင်းများစွာထဲက တစ်ခုကတော့ လူငယ်တွေ ဘာသာတရားနဲ့ဝေးကွာလွန်းလို့ဆိုတဲ့ အကြောင်းတစ်ချက်လည်း ပါလာပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံက ကျောင်းတွေမှာ သက်ဆိုင်ရာဘာသာတရားအလိုက် ဘာသာရေးသင်ခန်းစာတွေ ရေးဆွဲပြဋ္ဌာန်းပြီး သင်ကြားပေးဘို့ စီစဉ်နေကြောင်း သတင်းမှာဖတ်လိုက်ရပါတယ်။ ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်တဲ့အနောက်နိုင်ငံတွေကို အထင်ကြီးကိုးကွယ်လွန်းပြီး အစွန်းရောက်နေတဲ့ မြန်မာမိသားစုတွေအဘို့ သတိထား စဉ်းစားသင့်တဲ့ အချက်အလက်တစ်ခုပါ။  

အကြောင်းအမျိုးမျိုးကြောင့် ဘယ်နေရာမှာပဲနေနေ  မိမိတို့တတွေဟာ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာတရားကို အတတ်နိုင်ဆုံးစောင့်ရှောက်ထိန်းသိမ်းဘို့ တာဝန်ဟာ မိဘ ဆရာသမား အားလုံးရဲ့ တာဝန်ပါ။ ကလေးတွေကို ငယ်သေးတယ်ဆိုပြီး ပစ်ထားလို့ မရပါဘူး။
ကလေး ကလေး အထင်မသေးနဲ့
ကလေးကောင်းမှ လူကြီးကောင်း၏
လူကြီးကောင်းမှ အားလုံးကောင်း၏- ဆိုတဲ့အတိုင်း-
ငယ်စဉ်က လိမ္မာယဉ်ကျေးခဲ့ပါမှ ကြီးတဲ့အခါလည်း လိမ္မာယဉ်ကျေးကြမယ်ဆိုတာကို သတိပြုဆင်ခြင်ကြပြီး ပြည်ပရောက် မိဘများအနေနဲ့ မိမိတို့ သား သမီးလေးတွေကို ဘာသာ သာသနာယဉ်ကျေးမှုတွေနဲ့ မဝေးအောင်အထူးဂရုစိုက်ဘို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်။

မှတ်ချက်။ ။ ဤစာကိုရေးပြီးနောက်ပိုင်း ဆန်ကာတင် ၀တ္ထုတို (၇) ပုဒ်တွင် မြတ်မွန် ရဲ့ 'မေတ္တာဖြင့်မိုး နှလုံးသားနှင်ကာ'၀တ္ထုတိုကို ဆုရွေးချယ်ရေးအဖွဲ့မှ ပထမဆုအဖြစ် ရွေးချယ်လိုက်ပါကြောင်း။


Monday, August 1, 2011

ညီညွတ်ရေးနဲ့………..ပိုချစ်ကြတယ်

Posted by ရေကြည်ချမ်းမြ


တကိုယ်ကောင်းမဆန်
တကိုယ်သန်မရှု
အခက်အခဲတွေ တို့မမှု
ညီညွတ်ခြင်းသည် အင်အားစု
ကျသည့် တာဝန် ကျေပွန် အခု
ဤသည်ပင် ရပ်ပြု ရွာပြု
ဤသည်ပင် မြို့ပြု နယ်ပြု
ဤသည်ပင် တိုင်းပြု ပြည်ပြု။
ဤသည်ပင် အများချမ်းသာမှု။
 နုနယ်တဲ့ ကလေးအရွယ်တုန်းက ဆရာသမားက ချပေးလို့ နောက်က လိုက်ဆိုခဲ့ရတဲ့ ကဗျာလေးပါ။ ဘာရယ်လို့ အဓိပ္ပါယ် လေးလေးနက်နက် မသိခဲ့ပါဘူး။ ရင့်ကျက်တဲ့ အရွယ် ရောက်လာတော့ ‘ညီညွတ်တယ် ဆိုတာ ဘာလဲ’ ဆိုတဲ့ မေးခွန်းကို မေးကြည့်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ‘ သမဂ္ဂါနံ တပေါ သုခေါ - ညီညွတ်သူတို့ရဲ့ လုပ်ဆောင်ချက်(အကျင့်) သည် ချမ်းသာကြောင်း’  လို့ ဟောကြားတော်မူပါတယ်။ အဲလိုဆိုရင် လောကမှာ ချမ်းသာချင်ရင် ညီညွတ်ရမယ်၊ ညီညွတ်မှ ချမ်းသာမယ်။ မညီညွတ်ရင် ဆင်းရဲမယ်လို့ အဖြေထွက်ပါတယ်။  


ညီညွတ်တယ် ဆိုရာမှာ ကိုယ် ညီညွတ်မှု ( ကာယသာမဂ္ဂီ) စိတ်ညီညွတ်မှု (စိတ္တသာမဂ္ဂီ) လို့  ဆိုပြီး ၂ မျိုး ရှိပါတယ်၊ အဲသည် နှစ်မျိုးမှာ စိတ်ညီညွတ်မှု က ပို အရေးကြီးပါတယ်။ စိတ်ထားတွေ ညီညွတ်မှု မရှိရင် မချမ်းသာနိုင်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး လက်ဆွဲနုတ်ဆက်နေရုံ၊ စားပွဲတစ်ဝိုင်းတည်းမှာ အတူတကွ ထိုင်နေတာကို ကြည့်ရုံနဲ့ ညီညွတ်တယ် ပြောလို့ မရပါဘူး။  လူချင်း တစ်နေရာတည်း နေကြပေမယ့် စိတ်ထဲက တင်းနေကြတာမျိုး၊ တစ်ဝိုင်းတည်း ထိုင်စကားပြောနေကြပေမယ့် အတွင်းမှာတော့ ကြိတ်ဆဲနေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက်အုပ်ချီတိုင်း ချစ်လွန်လွန်း ရိုသေလွန်လွန်းလို့ ပြောလို့ရမယ် မထင်ပါဘူး။ မတတ်သာလို့ တာဝန်ဝတ္တရားအရ လုပ်နေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ စိတ်ချင်း ညီညွတ်မှသာ အတူတကွလုပ်ဆောင်ကြတဲ့ လုပ်ငန်းတိုင်းမှာ အောင်မြင်ပါတယ်။ ဟန်ဆောင် အပြုအမူ ၊ ဟန်ဆောင် အပြောအဆိုတွေဟာ ညီညွတ်မှုရှိသယောင် ဟန်ဆောင်ထားတဲ့ မာယာပါ။ ပင်ပန်းလွန်းလှတယ် ဆိုတာ ခံစားဘူးသူတိုင်း သိနိုင်ပါတယ်။


အများအကျိုး ကို ဆောင်ရွက်ရတဲ့ ပရဟိတ အသင်းမှာပဲ ဖြစ်စေ၊ မိသားစု အတွင်းမှာပဲဖြစ်စေ၊ တစ်အိမ်ထဲ၊ တစ်ကျောင်းထဲ၊ တစ်တိုက်ထဲမှာပဲ ဖြစ်စေ၊ နောက်ဆုံး တစ်တိုင်းပြည်လုံးမှာပဲ ဖြစ်စေ စိတ်ထားတွေ ညီညွတ်နေကြရင် ချမ်းသာကြမှာပါ။ ကိုယ် နုတ် စိတ် သုံးပါးလုံး ညီညွတ်မယ် ဆိုရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပေါ့၊


အသင်းအဖွဲတွေ၊ မိသားစုတွေ၊ တစ်အိမ်တည်း အတူနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ တစ်ကျောင်းထဲ အတူနေတဲ့ ရဟန်းသံဃာ သူငယ်ချင်းတွေအကြားမှာ  ဘာကြောင့် မကြာခဏ အကွဲအပြဲ ဇာတ်လမ်းတွေ ကြားနေရတာလဲ ဆိုတာ စဉ်းစားဘူးပါတယ်။ အဖြေက တော့ ညီမျှခြင်းတွေ  မရှိလို့ပါ။ ညီမျှမှ ညီညွတ်ပါတယ်။ ညီအောင် ညှိယူရပါတယ်။ ညီအောင် ညှိယူတတ်တဲ့ စိတ်ထားးဟာ အင်မတန်မွန်မြတ်တဲ့ ကိုယ်ချင်းစာတရား၊ မေတ္တာတရားပါ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများဟာ ကိုယ် အားထုတ်ရှာဖွေထားတဲ့ ကုသိုလ်ကောင်းမှုကိုတောင်မှ ပတ္တိဒါနအဖြစ် သူများကို မျှဝေပေးတတ်ကြသေးတာပဲ။ မိမိနဲ့ အတူနေဘက်၊ အလုပ်လုပ်ဘက်တွေကို ဘာလို့ ညီမျှတဲ့ အခွင့်ရေး မပေးတတ်ကြတာလဲဆိုတဲ့ မေးခွန်းကို တွေးကြည့်တော့  လုပ်ငန်းဆောင်ရွက်ရာမှာ ကိုယ်ကျိုးကြည့် အတ္တကို ရှေ့တန်းတင်နေကြလို့ဆိုတာကို တွေ့ရပါတယ်။ အများအကျိုး ဆောင်ရွက်တယ် ဆိုတာ အများစိတ်ချမ်းသာဘို့ပါ၊ ငါတစ်ယောက်တည်း ချမ်းသာဘို့ မဟုတ်ပါဘူး။ အများစိတ်ချမ်းသာမှ ရည်ရွယ်ချက်ပြည့်ပါတယ်၊ ငါတစ်ယောက်တည်း ချမ်းသာရုံနဲ့ ရည်ရွယ်ချက် မပြည့်ပါဘူး။ တကယ်တော့ အဲဒီငါလည်း ကြာကြာ စိတ်ချမ်းသာမယ် မထင်ပါဘူး။
          
         အသင်းအဖွဲ့တွေမှာ ‘ငါသာ ထင်ပေါ်စေ’  “ ငါသာ မျက်နှာရစေ’ ‘ငါသာ ချမ်းသာစေ’ ဆိုတဲ့ အတွေး၊ သာသနာလောကမှာလည်း ‘ ငါ့ကိုသာ အရို အသေ အလေးမြတ်ပြုစေ’ ‘ ငါ့ကိုသာ လူသိများစေ’  ‘ ငါသာ ထင်ပေါ်စေ’ ‘ငါ့ကိုသာ အထင်ကြီးစေ’ ‘ငါ့ကိုသာ လှူဒါန်းစေ’ စတဲ့ အတွေးတွေဟာ အစွန်းထွက်တဲ့ မညီမျှတဲ့ အတွေးတွေလို့ ပြောလို့ရပါတယ်။ ဒါဟာ လောဘ အတ္တ စတဲ့ အကုသိုလ် အပင်ကနေ သီးလာတဲ့ အကုသိုလ်အဆိပ်သီးတွေပါ။ အဲလို မညီမျှတဲ့ လုပ်ရပ်တွေရှိနေသမျှ ညီညွတ်မှုတွေ ဝေးနေမှာပါ။ ညီညွတ်မှုတွေ ဝေးနေသမျှ လောကီချမ်းသာ လောကုတ္တရာချမ်းသာဆိုတာ ဆုတောင်းနေရုံ၊ စကားလုံးလေးတွေ အဖြစ် နဲ့ စာအုပ်ထဲမှာပဲ ပုန်းနေရုံမျှပါပဲ၊ ချမ်းသာမှုကို တကယ်လက်တွေ့ ခံစားရမှာတော့ မဟုတ်ပါဘူး။
          
       အများနဲ့ နေထိုင်တဲ့ နေရာမှာ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်ထားမျိုးထက် ညီညွတ်မှုကို ရှေးရှုပြီး အများနဲ့ share လုပ်တတ်တဲ့ စိတ်ထားမျိုး ထားနိုင်ဘို့က ပိုခက်ပါတယ်။ အကြိုက်တူ အစွမ်းတူတဲ့ နေရာမျိုးတွေမှာ တန်းတူ ညီမျှသော အခွင့်အရေးကို ပေးတတ်တာဟာ သူတော်ကောင်းတွေရဲ့ စိတ်ထားပါ။ တစ်ဦးနဲ့ တစ်ဦးအကြားမှာ မေတ္တာဓာတ်လွှမ်းခြုံထားတဲ့ အတွက် အေးချမ်းပါတယ်။  မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း ‘ ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အဘိဏှံ သန္နိပါတာ သန္နိပါတဗဟုလာ ဘ၀ိဿန္တိ၊  ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နော ပရိဟာနိ’ အချင်းချင်း အမြဲမပြတ် စည်းဝေးတိုင်ပင် ညှိနှိုင်းမှုပြုတာဟာ တိုးတက်ကြီးပွါးကြောင်း ဖြစ်တယ်- လို့ ဟောကြားထားပါတယ်။ အဲလို ညီမျှတဲ့ စိတ်ထားမျိုးနဲ့ ညှိနှိုင်းတိုင်ပင် စည်းဝေးမှု မပြုနိုင်ကြလို့ အချင်းချင်း စိတ်ဝမ်းကွဲသွားကြတဲ့ အဖြစ်အပျက်တွေဟာ လက်ချိုးရေလို့ မရအောင်ကို များပါတယ်။
မိမိတို့ ကျေးဇူးရှင် ဆရာသမားတစ်ပါး ဆုံးမဘူးတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါတယ်။ ‘အများနဲ့ ငါ၊ ယှဉ်သောခါ၊ အများအကြိုက် ဖြစ်စေမည်’တဲ့။ အင်မတန် အတုယူစရာကောင်းတဲ့ သူတော်ကောင်း စိတ်ထားလေးပါ။ ငါ့အလို ငါ့အကြိုက်သာ ဖြစ်စေရမယ် ဆိုရင် အားလုံး ဆင်းရဲကုန်မှာပါ။ အများနဲ့ ယှဉ်လာတဲ့ ကိစ္စမှန်သမျှကို အများအကြိုက် ဖြစ်စေတာဟာ ညီညွတ်ကြောင်း ချမ်းသာကြောင်းပါ။
          
   ဗုဒ္ဓဘာသာမြန်မာလူမျိုးအများစုဟာ အသိဥာဏ်ပညာ ရင့်ကျက်လာတဲ့နဲ့အမျှ အလုပ်နှစ်ခု လုပ်လေ့ရှိပါတယ်၊ လောကီကြီးပွါးတိုးတက်ရေးနဲ့ လောကုတ္တရာကြီးပွါးတိုးတက်ရေးပါပဲ။ လောကုတ္တရာကြီးပွါးတိုးတက်ရေးဆိုတာကလည်း ယခုခေတ်ပြောနေကြတဲ့ သာသနာတော်မြတ်ကြီး စည်ပင် ပြန့်ပွါး ထွန်းကားရေးပါပဲ။ လောကီတိုးတက်ကြီးပွါးရေးလုပ်ရာမှာ  များသောအားဖြင့် အကုသိုလ်ဖြစ်စရာ အာရုံတွေ ပတ်ဝန်းကျင်တွေ ခြံရံထားတာမို့ လောဘ ဒေါသတွေ အတ္တ မာနတွေ မနာလိုမှုတွေ ဖြစ်ကြတာ မဆန်းပါဘူး။ ပစ္စည်း ဥစ္စာရှာဖွေကြတဲ့သူတွေရဲ့ အဓိက ရည်ရွယ်ချက်က ဘ၀မှာ ဖြစ်ပေါ်လာတတ်တဲ့ စား ၀တ် နေရေး ကျန်းမာရေး စတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဘို့ပါ။
          လောကုတ္တရာတိုးတက်ကြီးပွါးရေးဆိုတာက အဲဒါတွေရဲ့ ဆန့်ကျင်ဘက် ကုသိုလ်ကောင်းမှုကို ရှာကြတာပါ။ ပိုက်ဆံရှာတာလည်း မဟုတ်ပါဘူး၊ နာမည်ကြော်ကြားမှုကို ရှာတာလည်း မဟုတ်ပါဘူး။ ကုသိုလ်ရှာတဲ့ နေရာမှာ အဲလို လောကီမျှော်လင့်ချက်တွေနဲ့ ရောထွေးသွားပြီဆိုရင် ကုသိုလ်ဖြစ်ဘို့အခွင့်အလမ်းတွေ ဆုံးရှုံးသွားတတ်ပါတယ်။ ပန်းတိုင်နဲ့ လမ်း လွဲသွားပါပြီ။ ကုသိုလ်ရှာရင် ကုသိုလ်ရနေဘို့ အရေးကြီးပါတယ်။ ကုသိုလ်ရဲ့ ဆန့်ကျက်ဘက် အကုသိုလ်တွေသာ ရနေမယ်ဆိုရင် ‘ဖြူချင်လို့ ဖွပ်ခါမှ ပိုညစ်’ ဆိုသလို အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။
အများနဲ့ လုပ်ငန်းလုပ်ကြတဲ့ နေရာမှာ ‘ဆွမ်းဆန်ထဲ ကြက်ချေးရော’ ဆိုသလို အတ္တရှေ့တန်းတင် ကိုယ်ကျိုးကြည့်တတ်သူတွေကလည်း အနည်းနဲ့ အများဆိုသလို ပါလာတတ်တာကလည်း ထုံးစံပါ။ အဆိုပါ လူစားမျိုးတွေဟာ လူသားအဖွဲ့အစည်းမှာတင် ရှိတာမဟုတ်ပါဘူး။ သာသနာအဖွဲ့အစည်းတွေမှာလည်း ရှိတတ်ပါတယ်။ အဲလိုလူမျိုးတွေကြောင့် အများတကာ စိတ်ဆင်းရဲရတတ်ပါတယ်၊ အဲလိုလူမျိုးတွေဟာ ပရိသတ်ကြားမှာ၊ အဖွဲ့အစည်းတွေရဲ့ အကြားမှာ  အကုသိုလ် ဖုန်မှုံတွေကို ကြဲချတတ်တဲ့ သူတွေလို့ ဆိုရမှာပါ။


‘သေအောင် လုပ်ရမယ့်နေရာ၊ ပင်ပန်းရမယ့် နေရာဆိုရင် တပည့်တော်တို့ချည်းပဲ၊ အခန့်သား စားရသောက်ရမယ့်နေရာ၊ ပေါ်လွင်မယ့် နေရာဆိုရင် သူတို့ချည်းပဲ၊ တပည့်တော်တို့ကို သတိရဖော်တောင်မရဘူး၊ အလကား နှမ်းဖြူးတွေ’ ရင်းနှီးတဲ့ ဒကာမ လေး တစ်ယောက်က လျှောက်ဘူးတဲ့ စကားပါ။


‘ဦးဇင်းရာ၊ ပရိသတ်များတဲ့ အချိန်၊ ချမ်းသာသူတွေများတဲ့ အချိန်ကျတော့ အား အား ၊ မအားအား သူတို့ကိုယ်တိုင် တရားဟောတယ်၊ ပရိတ်သတ်လေး ချောက်တီးချောက်ချက် ရှိတဲ့ အခါမျိုးကျမှ တပည့်တော်ကို ဟောခိုင်းတယ်၊ အဲဒါမျိုးတွေ အကြိမ်ပေါင်းများလာတော့ တပည့်တော်ကို မနေစေချင်လို့ အနုနည်းနဲ့ ပ ထုတ်နေတာပဲ လို့ အောက်မေ့တယ်၊ အဲလိုပဲ ခံစားရတယ်၊ အခု  တပည့်တော် အဲသည်နေရာကို မပြန်ချင်တော့ဘူး၊ အပြီးထွက်လာခဲ့တယ်။ လောလောဆယ်  နေစရာလည်း မရှိဘူး၊ ရွာပြန်ပြီး လူဝတ်လဲချင်စိတ်တောင် ပေါက်နေတယ်’။


ထင်ရှားတဲ့ ဘာသာရေးအဖွဲ့အစည်းဌာနတစ်ခုမှာ အစွမ်းတွေရှိနေပါလျက်နဲ့ နေရာပေးမခံရလို့ စိတ်ပျက်နေရှာတဲ့ သူငယ်ချင်းတစ်ပါးရဲ့ ရင်ဖွင့်သံပါ။ ပညာရေးကော စိတ်နေစိတ်ထားပါ ကောင်းတဲ့သူမို့ ပြောတဲ့အတိုင်း တကယ်လုပ်သွားရင် သာသနာတော်အတွက် အရည်အချင်းရှိတဲ့ သာသနာပြု ရဟန်းတစ်ပါး ဆုံးရှုံးသွားမှာကို နှမြောမိပါတယ်။


အဆိုပါ ဖြစ်ရပ်တွေဟာ မညီမျှမှုကနေ ဖြစ်ပေါ်လာတဲ့ မညီညွတ်မှုတွေပါ။ မိမိတို့တစ်တွေ သူများအပေါ်မှာ ညီမျှတဲ့ ကိုယ်ချင်းစာစိတ် မေတ္တာစိတ်ထားလေးတွေ ဘယ်လောက်ထားဘူးခဲ့ကြပြီလဲ ဆိုတာ အားမနာတမ်း ဝေဘန်ဆန်းစစ်ဘို့ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာကူးမှလည်း ညီညွတ်မှုဆိုတာ ရှိပါတယ်။ ‘ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်’ လို့ နန်းတော်ရှေ့ ဆရာတင် က လည်း ညီညွတ်မှုဟာ မေတ္တာတရားအခြေခံကြောင်းကို အနုပညာနဲ့ ပညာပေးခဲ့ဘူးပါတယ်။


ညီမျှခြင်းတွေ ရှိနေရင်တော့ ညီညွတ်ခြင်း၊ ချမ်းသာခြင်း ဆိုတဲ့ အကျိုး ရလဒ်တွေ ခံစားရမှာပါ။ညီမျှခြင်းတွေ မရှိသရွေ့တော့ ညီညွတ်ဘို့အရေး ဝေးနေကြအုံးမှာပါ။ ညီညွတ်မှု မရှိရင်  ကြီးပွါးချမ်းသာရေး လည်း ဝေးနေအုံးမှာ- ဖြစ်တာကြောင့် ရပ်ရွာအရေး တိုင်းပြည်အရေး လူမျိုးဘာသာ သာသနာ အရေး စတဲ့ ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ညီမျှတဲ့ မေတ္တာစိတ်နဲ့ အတူတကွ လုပ်ဆောင်ကြဘို့ အင်မတန်မှ အရေးကြီးကြောင်းကို တွေးမိမြင်မိ သလောက် မျှဝေလိုက်ရပါတယ်။