Friday, August 19, 2011

‘ကလေးအရွယ် လိမ္မာနှင့်ပါမှ’

Posted by ရေကြည်ချမ်းမြ


“ သမီး အမေ့ကို တီဗီရီမုပေးစမ်း ”

တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။

“ အင့်ဟာ... ”
ဖုန်း...
ဖုန်း...
“ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း”

ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။

“ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်”

   ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော်အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ လည်ပင်းတွင် တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလို တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။

“ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ”
“ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ”

သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။ (http://www.myatmon.com/2011/06/blog-post.html)
        
  အွန်လိုင်း ရွှေဝတ္ထုတို ဆုပေးဘို့ ဆန်ကာတင်ရွေးချယ်ထားခြင်းခံရတဲ့  မြတ်မွန် ရဲ့ ‘မေတ္တာဖြင့်မိုး နှလုံသားနှင့်ကာ’ ၀တ္ထုတိုထဲက ဇာတ်ရှိန်အမြင့်ဆုံး နေရာလေးပါ။ ၀တ္ထုတိုလေးက တစ်ကယ်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတယ်လို့ ယုံကြည်ပါတယ်။ ၀တ္ထုတိုလေးကို ဖတ်ပြီး ၀တ္ထုထဲမှာပါတဲ့ ဇနီးမောင်နှံနှစ်ယောက်ကို ကရုဏာသက်မိသလို အခြားသော ပြည်ပနိုင်ငံတွေမှာ အခြေချ နေထိုင်ကြပြီး သားသမီးလေးတွေမွေးထားကြတဲ့ မိဘတွေရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ကြောင့်ကြမိပါတယ်။
        
  ကိုယ်တိုင် ပြည်ပမှာ ကလေးတွေနဲ့ ဆက်ဆံ ထိတွေ့နေရသူမို့ ကိုယ်ချင်းလည်း စာပါတယ်။ ထိတွေ့ရတယ်ဆိုတာကလည်း ပုံစံအမျိုးမျိုးပါ။ အိမ်တွေကို အကြောင်းအားလျော်စွာ ကြွတဲ့ အခါမျိုး၊ ကျောင်းကို ယဉ်ကျေးလိမ္မာသင်တန်း (Sunday School) လာသင်တဲ့ အခါမျိုးတွေမှာပါ။ ကြာလာတော့ စင်္ကာပူက ကလေးပေါက်စတွေကိုမြင်ရင် ခေါင်းတွေမူးပြီး တွေ့ရမှာ ကြောက်နေတဲ့ အဆင့်တောင် ဖြစ်နေပါပြီ။ ခဏလေးတွေ့ရတာတောင် သည်လောက်ဖြစ်နေရင် သူတို့မိဘတွေ ဒီကလေးတွေနဲ့ တစ်နေကုန် ဘယ်လို နေကြသလဲ ဆိုတာ မတွေးတတ်အောင်ပါပဲ။ သူတို့တစ်တွေ အငြိမ်မနေချက်ကတော့ အတော်အတန် အဘိုးအဘွားတွေဆိုရင် ခေါင်းမူးပြီး သွေးတက်သေမှာတောင် စိုးရိမ်ရပါတယ်။
          
 အကြောင်းအားလျော်စွာ ပင့်လို့ အိမ်တွေကို ကြွရောက်တိုင်း ကလေးတွေကြောင့် တရားဟောရင်း စိတ်အနှောက်ဖြစ်ခဲ့ရတာလည်း အခါအခါမို့ ‘အော် မိဘတွေ သူတို့သား သမီးတွေကို သွန်သင်ဆုံးမမှု အင်မတန်အားနည်းပါလား’ လို့ တွေးပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီကလေးတွေရဲ့ နှလုံးသားမှာ ဘာသာရေး အခြေခံ၊ မြန်မာယဉ်ကျေးမှု အခြေခံလေးတွေ သိပ်မတွေ့ရတော့ပါဘူး။ ပြောဆို ပြုမူနေထိုင်ပုံတွေက မြန်မာယဉ်ကျေးမှု မျက်လုံးနဲ့ကြည့်ရင် အင်မတန်မှ ရိုင်းစိုင်းတယ်လို့ ဆိုရမှာပါ။

တစ်ချို့ ကိစ္စတွေမှာက ကလေးတွေ အပြစ်မဟုတ်ပါဘူး။ မိဘတွေရဲ့ အမြော်အမြင် အသိဥာဏ်နည်းပါးမှုကြောင့်လို့ သုံးသပ်လို့ ရပါတယ်။ ကလေးဆိုတာမျိုးက မိဘ ဆရာသမားတွေ ပုံသွင်းတဲ့အတိုင်းသာ များသောအားဖြင့် ကြီးပြင်းလာခဲ့ကြရတာပါ။  ကလေးတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခုဟာ မိဘတွေနဲ့လည်း တိုက်ရိုက်ပက်သက်နေတယ်လို့ တွေးတတ်ရင် မိဘတွေအနေနဲ့  ရှက်စရာကောင်းပါတယ်။ တစ်ခါက အိမ်တစ်အိမ်ကို ရောက်တော့ အမေလုပ်သူက ကန်တော့ရင်း ‘ သား ဘုန်းဘုန်းတွေ ကြွလာတယ် ကန်တော့’ ဆိုတော့ သားဖြစ်တဲ့ကလေးက မကျေမနပ်မျက်နှာနဲ့ အမေ ကို ပြန်ကြည့်ပြီး ပေကပ်ကပ်လုပ်နေတာကို တွေ့ရပါတယ်။ မကန်တော့ပါဘူး။ နောက်ဆုံး မိဘက အတင်းအကြပ်လုပ်ခါမှ မကျေမနပ်နဲ့ ဘုန်းကြီးကို ၀တ်ကျေတန်းကျေ ကန်တော့တာပါ။ အဲလိုမြင်ကွင်းဟာ ထိုင်နေရတဲ့ ဘုန်းကြီးကိုလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ မိဘတွေက မိမိတို့ သားသမီး တွေကို ရတနာသုံးပါး ဘုရား ကျောင်းကန်စတာတွေနဲ့ နီးစပ်အောင် မလုပ်ခဲ့ကြတော့ ကလေးတွေက ဘာသာရေးနဲ့ စိမ်းပြီး ရိုင်းစိုင်းကုန်ကြတဲ့ သဘောပါပဲ။

စင်္ကပူမှာ မကြာသေးခင်က သိရတဲ့ အတွေ့အကြုံတစ်ခုကတော့ သားဖြစ်သူကို ဖအေလုပ်သူက ဧည့်သည်တွေ ရှေ့မှာ ‘ သား အဖေတို့ အသက်ကြီးလာရင် ဘာလုပ်ကျွေးမလဲ’ လို့ မေးပါသတဲ့။ အဲဒီအခါ  သား က ‘လွယ်ပါတယ်၊ လူအိုရုံ ပို့လိုက်မှာပေါ့’ လို့ ဖြေပါသတဲ့။ ဖအေလုပ်သူခမျာ တော်တော် သင်ခန်းစာ ရလိုက်ပါတယ်။ စင်္ကာပူမှာ မိဘတွေ အသက်ကြီးလာတဲ့အခါ သား သမီးတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနီးကပ်ပြုစု လုပ်ကျွေးတာမျိုး သိပ်ရှားပါတယ်။ လူအိုရုံကို ပို့လိုက်တာ များပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ ရေးပြရင် အများကြီးပါ။ သို့ပေမင့် ဒီလမ်းကြောင်းကို ကလေးတွေက ရွေးချယ်ခဲ့တာ မဟုတ်၊ မိဘတွေကိုယ်တိုင် အခြေအနေအရ ရွေးချယ်ခဲ့တာကြောင့် ကလေးတွေရဲ့ လိမ္မာယဉ်ကျေးမှုဟာ မိဘတွေမှာသာ အဓိကတာဝန်ရှိပါတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘ၀မျိုးမှာ သူတို့အနာဂတ်အတွက် ပြင်ဆင်ပေးရင်းနဲ့ မိမိ အနာဂတ်အတွက်ပါ ကြိုတင် ပြင်ဆင်ထားကြဘို့လည်း လိုပါတယ်။

ပြည်ပမှာ ရောက်နေကြတဲ့ မိဘတွေကို  ယေဘုယျအားဖြင့် ခွဲခြားကြည့်လိုက်ရင် တစ်ဘက်မြင်မိဘ နဲ့ နှစ်ဘက်မြင်မိဘ လို့ဆိုပြီး နှစ်မျိုးနှစ်စားတွေ့ရပါတယ်။ သား သမီးလေးတွေရဲ့ ပညာရေး ကျန်းမာရေး နေထိုင်ရေးတွေကိုသာ သဲသဲလှုပ် အလိုက်လိုက် ဂရုစိုက်ကြပြီး ဘာသာရေးနဲ့ ယဉ်ကျေးမှုကိုတော့ ဘာသိဘာသာ ပစ်ထားကြတဲ့ မိဘတွေဟာ တစ်ဘ၀စာ ကိုသာ ကြည့်တတ် မြင်တတ်ကြတဲ့ တစ်ဘက်မြင်မိဘလို့ ဆိုရပါမယ်။ တစ်ဘက်မြင်မိဘတွေဟာ များသောအားဖြင့်တော့ အသက်ကြီးလာလေ ဒုက္ခရောက်လေ ဖြစ်တတ်ပါတယ်။ ပညာရေး ကျန်းမာရေးကိုသာမက ကလေးတွေရဲ့နှလုံးသားမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာရေးအခြေခံလေးတွေကိုလည်း နားလည်သဘောပေါက်သလောက် ဂရုစိုက် သင်ကြားပြသ ဆုံးမပေးတဲ့ မိဘကိုတော့ တစ်ဘ၀စာမက သံသရာအတွက်ပါ ကြည့်တတ် မြင်တတ်တဲ့ မိဘတွေမို့ နှစ်ဘက်မြင် မိဘတွေလို့ ဆိုရပါမယ်။ အဆိုပါနှစ်ဘက်မြင် မိဘ မျိုးဟာ အသက်ကြီးလာလေ တန်ဘိုးရှိ စိတ်ချမ်းသာလေပါပဲ။

သားသမီးတွေကို ဘာသာ သာသနာ ယဉ်ကျေးမှုတွေနဲ့ နီးကပ် ထိစပ်အောင် လုပ်ပေးတာဟာ သူတို့အနာဂတ်ကိုပြင်ပေးရင်းနဲ့ မိမိတို့ရဲ့ အနာဂတ်ကိုလည်း တစ်ခါတည်း ပြင်ဆင်ပီးသား ရောက်ပါတယ်။ ဘာသာ သာသနာ ယဉ်ကျေးမှုနဲ့ ဝေးကွာသွားလို့ ကျေးဇူးရှင် မိဘတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတဲ့အခါ မိဘတွေက ဘယ်လောက်ပဲ သည်းခံ ခွင့်လွှတ်ပါစေ ကလေးမှာ အကုသိုလ်အပြစ်ကြီးပါတယ်။ အပါယ်ငရဲကို ဆွဲချနိုင်လောက်အောင်ကြီးလေးတဲ့ အဲသည်လိုအကုသိုလ်အပြစ်ကို ပြည်ပမှာ ပိုက်ဆံအကုန်ကျများစွာခံပြီး သင်ကြားပေးခဲ့တဲ့ ဘွဲ့လက်မှတ်တွေကလည်း မကယ်နိုင်ပါဘူး။ အဲဒီဘွဲ့လက်မှတ်တွေကို အကြောင်းပြုပြီး ရလာတဲ့ ဒေါ်လာတွေကလည်း မကယ်နိုင်ပါဘူး။ အဲဒါတွေက တကယ်တော့ တစ်ဘ၀စာ ရိက္ခာလေးတွေဆိုတာ သတိထားရပါမယ်။ အဲဒီ တစ်ဘ၀စာရိက္ခာလေးတွေတောင်မှ သားသမီးက ကျွေးမှ ကိုယ်က စားရမှာပါ။ သိပ်သေချာပေါက်တော့ တွက်ထားလို့ မရပါဘူး။ ကိုယ်သားသမီးလေးတွေကို အပါယ်ငရဲ ဆွဲချဘို့အထိ မိဘတွေ မိုက်မဲသလား ဆိုတာ မိဘတွေကို  မေးရမယ့်မေးခွန်းပါ။

အခုဆိုရင် ကလေးတွေက မိဘအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ပြုမူ ဆက်ဆံလာတဲ့ ဖြစ်ရပ်တွေ မြန်မာအသိုင်းအ၀ိုင်းကြားမှာပင် မကြာခဏ ကြားသိနေရပါပြီ။ မိဘတွေအနေနဲ့ ကိုယ့်သား သမီးလေးတွေကို တကယ်ချစ်တယ်ဆိုရင် သူတို့လေးတွေကို အပါယ်ငရဲ ဆွဲမနှစ်လိုက်ကြဘို့ အထူးသတိထားရပါမယ်။ မိမိထက် အသက် သိက္ခာဂုဏ်အားဖြင့်ကြီးမြတ်တဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကို ရိုသေစွာ ရှိခိုးပူဇော်မှုပြုတာဟာ ဘ၀သံသရာမှာ အသက်ရှည်ကြောင်း၊ အဆင်းလှကြောင်း၊ ချမ်းသာကြောင်း၊ ခွန်အားကြီးကြောင်း ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တိုင် ‘အဘိဝါဒနသီလိဿ နိစ္စံ ၀ုဍ္ဎာပစာယိနော ၊ စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ ၊ အာယု ၀ဏ္ဏော သုခံ ဗလံ’ လို့ ဟောကြားတော်မူထားပါတယ်။ ဒါ့ကြောင့် ရတနာသုံးပါးနဲ့ မိဘ ဆရာသမားတွေကို အရိုသေပြု ရှိခိုးတတ်အောင်လေးတင် သင်ပေးလိုက်တာဟာ သူတို့ဘ၀မှာ ဘယ်လောက်ထိ ကုသိုလ်တွေရသလဲ၊ ဘယ်လောက်ထိ အကျိုးကျေးဇူး များသွားသလဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဦးချခိုင်းတာ ၀တ်ချခိုင်းတာလေးဟာ သာမန်ကိစ္စ သာမန်ကုသိုလ် မဟုတ်ပါဘူး။

စာရေးသူတို့ ငယ်စဉ်က ကျောင်းတက်ချိန်နဲ့ ကျောင်းဆင်းချိန် နှစ်ချိန်လုံး အနားမှာရှိတဲ့ ဓမ္မာရုံက ဘုရားရှေ့မှာ ကျောင်းသား/သူ အားလုံး စုပေါင်း ဘုရားရှိခိုးကြရပါတယ်။ ကျောင်းမှာ စာသင်ရလို့ ပညာလည်းရ၊ တစ်နေ့ နှစ်ကြိမ် ဘုရားရှိခိုးဖြစ်လို့ ကုသိုလ်လည်း ရပါတယ်။ သီတင်းကျွတ်တိုင်း ရပ်ကွက်ထဲမှာရှိတဲ့ အဘိုးအဘွားတွေကို ကလေးတစ်သိုက်စုပြီး လက်အုပ်ချီလိုက်ကန့်တော့လို့ အဘိုးအဘွားတွေက နုတ်ကနေတဖွဖွပေးတဲ့ ဆုနဲ့ လက်ကပေးတဲ့ မုံ့ဘိုးအကြွေစေ့လေးတွေဟာ ယနေ့ထိပြန်တွေးတိုင်း ပီတိဖြစ်စရာပါ။ မိဘကျေးဇူးဆပ်တဲ့ သုဝဏ္ဏသာမဇာတ်ကို ဆရာတွေက ပြောပြလိုက်တော့ မိဘတွေကို ပိုမိုလေးစားပြီး ကျေးဇူးဆပ်ချင်စိတ်တွေလည်း ရင်ထဲမှာ ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ ငယ်ငယ်တုန်းကတော့ ဒါလေးတွေဟာ ဘာသိဘာသာနဲ့ တန်ဘိုးရှိမှန်း မသိခဲ့ပါဘူး။ ကြီးလာတဲ့အခါမှ ‘အော် ငါတို့ ရှေးရှေး ဆရာသမား မိဘ အဘိုးအဘွားတွေဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ငါတို့နှလုံးသားထဲ ငယ်ငယ်ကတည်းက ထည့်ပေးလိုက်တဲ့ ပညာရှိ သူတော်ကောင်းကြီးတွေပါလား’ လို့ စဉ်းစားရင်း  ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

စာရေးသူတို့ ရခဲ့တဲ့ ပတ်ဝန်းကျင်မျိုးကို ယနေ့ပြည်ပမှာ နေကြတဲ့ ကလေးတွေ မရကြသလို၊ ယနေ့ကလေးတွေရနေတဲ့ ပြည်ပက အတွေ့အကြုံနဲ့ ပညာရေး စတာတွေကိုလည်း စာရေးသူတို့ ငယ်စဉ်က မရခဲ့ဘူးဆိုတာက သေချာပါတယ်။ တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေဟာ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေ တိုးတက်နေတာပါ။ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတိုးတက်တာ မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အဓိက တန်ဘိုးထားတာပါ။ မတူပါဘူး။ ပြည်ပက ပညာရေးစနစ်တော်တော်များများဟာ ဦးဏှောက်ဖွံ့ဖြိုးမှုကို အဓိကထားတာပါ။ ကလေးတွေရဲ့ နှလုံးသားဖွံ့ဖြိုးမှုကိုတော့ သိပ်ပြီး အဓိကမထားပါဘူး။ ဒါကြောင့်လည်း ကလေးတွေဟာ ရိုင်းစိုင်းလာပြီး ကြာလေ အတ္တကြီးလေဖြစ်လာခဲ့ရတာပါ။ အင်္ဂလန်နိုင်ငံမှာ  မကြာခင်က ဖြစ်ပျက်သွားခဲ့တဲ့ လူငယ်တွေ လုယက်သောင်းကျန်းမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရနဲ့ တာဝန်ရှိသူတွေ အတော်ခေါင်းခြောက်ခဲ့ပါတယ်။ အကြောင်း အကျိုး အဖြေရှာကြတဲ့အခါ  အကြောင်းများစွာထဲက တစ်ခုကတော့ လူငယ်တွေ ဘာသာတရားနဲ့ဝေးကွာလွန်းလို့ဆိုတဲ့ အကြောင်းတစ်ချက်လည်း ပါလာပါတယ်။ ဒါကြောင့် အင်္ဂလန်နိုင်ငံက ကျောင်းတွေမှာ သက်ဆိုင်ရာဘာသာတရားအလိုက် ဘာသာရေးသင်ခန်းစာတွေ ရေးဆွဲပြဋ္ဌာန်းပြီး သင်ကြားပေးဘို့ စီစဉ်နေကြောင်း သတင်းမှာဖတ်လိုက်ရပါတယ်။ ဒါတွေဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်တဲ့အနောက်နိုင်ငံတွေကို အထင်ကြီးကိုးကွယ်လွန်းပြီး အစွန်းရောက်နေတဲ့ မြန်မာမိသားစုတွေအဘို့ သတိထား စဉ်းစားသင့်တဲ့ အချက်အလက်တစ်ခုပါ။  

အကြောင်းအမျိုးမျိုးကြောင့် ဘယ်နေရာမှာပဲနေနေ  မိမိတို့တတွေဟာ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာတရားကို အတတ်နိုင်ဆုံးစောင့်ရှောက်ထိန်းသိမ်းဘို့ တာဝန်ဟာ မိဘ ဆရာသမား အားလုံးရဲ့ တာဝန်ပါ။ ကလေးတွေကို ငယ်သေးတယ်ဆိုပြီး ပစ်ထားလို့ မရပါဘူး။
ကလေး ကလေး အထင်မသေးနဲ့
ကလေးကောင်းမှ လူကြီးကောင်း၏
လူကြီးကောင်းမှ အားလုံးကောင်း၏- ဆိုတဲ့အတိုင်း-
ငယ်စဉ်က လိမ္မာယဉ်ကျေးခဲ့ပါမှ ကြီးတဲ့အခါလည်း လိမ္မာယဉ်ကျေးကြမယ်ဆိုတာကို သတိပြုဆင်ခြင်ကြပြီး ပြည်ပရောက် မိဘများအနေနဲ့ မိမိတို့ သား သမီးလေးတွေကို ဘာသာ သာသနာယဉ်ကျေးမှုတွေနဲ့ မဝေးအောင်အထူးဂရုစိုက်ဘို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်။

မှတ်ချက်။ ။ ဤစာကိုရေးပြီးနောက်ပိုင်း ဆန်ကာတင် ၀တ္ထုတို (၇) ပုဒ်တွင် မြတ်မွန် ရဲ့ 'မေတ္တာဖြင့်မိုး နှလုံးသားနှင်ကာ'၀တ္ထုတိုကို ဆုရွေးချယ်ရေးအဖွဲ့မှ ပထမဆုအဖြစ် ရွေးချယ်လိုက်ပါကြောင်း။


0 comments:

Post a Comment