Thursday, August 25, 2011

ခေါင်းတုံး ဘာ့ကြောင့် တုံးရတယ်

Posted by ရေကြည်ချမ်းမြ


       စလွန်းကားအနက်ရောင်လေးက ချန်ဂီလေဆိပ်ဘက်ကို ဦးတည်ပြီး တရိပ်ရိပ် ပြေးနေတယ်။ စင်္ကာပူရဲ့ ရှုခင်းတွေကို ငေးမောကြည့်ရှုရင်းနဲ့  ကားကက်ဆက်က ဖွင့်ထားတဲ့ သတင်းတွေကို နားထောင်နေတုန်း ကားမောင်းသူရဲ့ စကားတစ်ခွန်းက စာရေးသူရဲ့ အတွေးရေယဉ်ကို တန့်သွားစေခဲ့တယ်။
' အရှင်ဘုရား မေးစရာလေးတစ်ခု ရှိလို့ဘုရား'
' ဆယ်ခုမေးနိုင်တယ်၊ မေးပါ'
'တပည့်တော် အလုပ်ထဲမှာက နိုင်ငံခြားသား သူငယ်ချင်း လုပ်ဖော်ကိုင်ဘက်တွေရှိတယ် ဘုရား'
'အင်း ဆိုပါတော့၊ ဘာဖြစ်လဲ'
'သူတို့က ဘာသာခြား၊ လူမျိုးခြားတွေ၊ မိန်းခလေးတွေလည်း ပါတယ်'
'အော် ဟုတ်လား၊ သူတို့က တစ်ခုခုမေးနေလို့လား'
'ဟုတ်တယ်ဘုရား၊ နင်တို့ ဘုန်းကြီးတွေ ဘာလို့ ကတုံး တုံးရတာလဲ၊ ကတုံး တုံးတာ Sexy ဖြစ်အောင် လို့လား' တဲ့ ဘုရား၊ အဲဒါ တပည့်တော် ဘယ်လို ဖြေရမှန်း မသိဘူး'

မထင်မှတ်ထားတဲ့ မေးခွန်းမို့ ရီရမှာလား ငိုရမှာလား မသိန်းရှင် ရေ လို့တောင် ပြောရမလို။ သေချာတွေးကြည့်လိုက်တော့လည်း ဗုဒ္ဓဘာသာကို ကောင်းကောင်း မလေ့လာဘူးတဲ့ ဘာသာခြားတွေအဘို့ မေးမယ်ဆိုလည်း မေးချင်စရာ၊ ၂၀ ရာစု နှစ်နောက်ပိုင်း ကမ္ဘာမှာ ခေါင်းတုံးတွေ တော်တော် ခေတ်စားလာတာကိုး။ ဘောလုံးသမားလည်း ကတုံး၊ အဆိုတော်လည်း ကတုံး၊ လက်ဝှေ့ကျော်တွေကလည်း ကတုံး၊ ရုပ်ရှင်သရုပ်ဆောင်တွေကလည်း ကတုံးစသဖြင့်  ကတုံးနဲ့ လွတ်တဲ့နေရာ ဘယ်မှာ ရှိလို့လဲ။ မြန်မာပြည်မှာတော့ တကယ်လား အတည်လား မပြောတတ်ပေမယ့် အနုပညာရှင်တွေ ခေါင်းတုံးတုံးတဲ့ ခေတ်တောင် ရှိခဲ့သေးတာ။
        
မိမိတို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ သွင်ပြင်လက္ခဏာဟာ မြင်နေကျသူတွေအတွက် မဆန်းပေမယ့် မမြင်ဘူးတဲ့ ဘာသာခြား လူမျိုးခြားတွေအဘို့မှာတော့ တော်တော်ထူးဆန်းတဲ့ ဒီဇိုင်းလို့ ပြောလောက်ပါတယ်။ အခြားသော ပြည်ပနိုင်ငံတွေကို သွားတဲ့အခါ လူအများရဲ့ အမြဲတမ်း ဂရုတစိုက်အကြည့်ခံရတဲ့ အသွင်ပြင်ပါ။ ဒါ့ကြောင်လည်း စင်္ကာပူနိုင်ငံ ဆန်တိုဆာကျွန်း လို နေရာမျိုးကို သွားတဲ့အခါ အနောက်နိုင်ငံသားတွေဟာ ဘုန်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ဘို့ ပိုစိတ်ဝင်းစားတာကြတာကို တွေ့ရပါတယ်။  စာရေးသူကိုယ်တိုင် မလေးရှား မျှော်စင်ညီနောင်ကို ရောက်တော့ အာရပ်နိုင်ငံတစ်ခုက မွတ်စလင်မိသားစုက ဓာတ်ပုံအတူ ရိုက်ဘို့ ခွင့်တောင်းလို့ အရိုက်ခံခဲ့ဘူးပါတယ်။ ကိုယ့်နိုင်ငံမှာဆိုရင် မွတ်စလင်နဲ့ ဘုန်းကြီး ဘယ်လိုမှ စဉ်းစားလို့မရတဲ့ကိစ္စ။ ဒါဟာ အခြားအကြောင်းကြောင့် မဟုတ်ပါဘူး၊ အသွင်အပြင် ထူးဆန်းနေလို့ပါ။ တစ်ခါတစ်ခါ 'ငါတို့ဘုရားရှင်ဟာ သူ့သားတော်ရဟန်းသံဃာတော်တွေအတွက်  အမြဲတမ်း update ဖြစ်နေစေမယ့် ဖက်ရှင်မူကို ချမှတ်ပေးသွားတာပဲ' လို့ တွေးပြီး ဘုရားကို ပိုမိုကြည်ညိုစိတ်တောင် ဖြစ်မိပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်ပေမယ့် ဘုရားချမှတ်ပေးတဲ့ ဖက်ရှင်ကတော့ ခေတ်မီဆဲလို့ ဆိုရမှာပါ။
         
'ကာမဂုဏ်ချမ်းသာတွေကို အဖန်တလဲလဲ သုံးဆောင်ခံစားတဲ့ ကာမသုခလ္လိကာနုယောဂအကျင့်မျိုးဟာ ယုတ်ညံ့ပြီး အစွန်းရောက်တဲ့ အကျင့်ဖြစ်တယ်၊ သာသနာ့ဝန်ထမ်း ရဟန်းတွေ မမှီဝဲအပ်' လို့ တရားဦးဓမ္မစကြာ မှာ ဘုရားရှင် ကိုယ်တိုင် အတိအလင်း ဟောကြားထားတာမို့ Sexy ဖြစ်အောင် ခေါင်းတုန်း  တုံးတာ မဟုတ်ဘူး ဆိုတာတော့ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ လောကမျက်လုံးနဲ့ ကြည့်ကြတဲ့အခါ လူသားတွေအဘို့ ဆံပင်ဆိုတာ အမြတ်တနိုး တန်းဘိုးထားတဲ့ အရာတစ်ခုပါ။ တန်းဘိုးထားလွန်းလို့လည်း လှအောင်ပြင်ကြ၊ လှအောင် ထိန်းသိမ်းထားကြတာပေါ့။ "ယောကျာင်္းတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး" လို့တောင် မြန်မာစကားပုံရှိပါတယ်။  ဓမ္မမျက်လုံးနဲ့ ကြည့်တဲ့အခါမှာတော့ ဆံပင်ဆိုတာဟာ ရွံရှာဖွယ် ရုပ်ဝတ္ထု၊ လူသားတွေကို ပိုက်ဆံကုန် အလုပ်များစေတဲ့ အရာတစ်ခုပါ။
           
လောကကြီးမှာ ကိုယ့်အမွေးနဲ့ကိုယ် အလုပ်ရှုပ်တဲ့ သတ္တ၀ါကို ပြောပြပါဆိုရင် လူ သတ္တ၀ါကိုပဲ ပြောရမှာပါ၊ အခြားသတ္တ၀ါတွေက လူသားတွေလောက် အမွေးနဲ့ပတ်သက်ပြီး အလုပ်မရှုပ်ပါဘူး။ ဆံပင်ထားလို့ ရတဲ့ ချမ်းသာထက် ဆံပင်မထားလို့ ဆံပင်ကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေ ရှင်းသွားတဲ့အခါ ခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်ဆိုတာ လက်တွေ့ခံစားဘူးတဲ့ သူတွေမှ ပိုသိမှာပါ။ အလုပ်ရှုပ်သက်သာ၊ ငွေကုန်သက်သာတာကိုး။ ဆံပင်ရှိရင် ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု (၁၆) ခု ရှိပါတယ်။ အဲဒီကြောင့်ကြမှုတွေကို သိလိုက်ရင် ကိုယ့်ရဲ့ဆံပင်ဟာ ကိုယ့်ကို ဘယ်လောက်ထိ ဒုက္ခပေးသလဲ ဆိုတာ မြင်လာမှာပါ။
        
  တစ်ခါက အရှင်နာဂသိန် လို့ ဖြစ်လာမယ့် နာဂသေနာ သတိုးသားလေး ဟာ အရှင်ရောဟဏ မထေရ်ကို မေးပါတယ်။
'အရှင်ဘုရား၊ အရှင်ဘုရားရဲ့ ဆံပင်တွေဟာ အဘယ်ကြောင့် အခြားသူတွေရဲ့ ဆံပင်ကဲ့သို့ မဟုတ်ပါသလဲ'
'သူငယ်၊ ကြောင့်ကြမှု (၁၆) ပါးကို မြင်သောကြောင့် ငါသည် ဆံပင် မုတ်ဆိတ်တို့ကို ရိတ်ပယ်၍ ရဟန်းပြု၏'

ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု ( ၁၆ ) ပါး ဆိုတာက=
၁။ တန်ဆာဆင်ရခြင်း ကြောင့်ကြ။
၂။ ပြေပြစ်ချောမွေ့အောင် လုပ်ရခြင်းကြောင့်ကြ။
၃။ ခေါင်းလိမ်းဆီ လိမ်းရခြင်းကြောင့်ကြ။
၎။ ခေါင်းလျှော်ရခြင်း ကြောင့်ကြ။
၅။ ပန်းပန်ရခြင်းကြောင့်ကြ။
၆။ အမွှေးနံ့သာ လိမ်းရခြင်း ကြောင့်ကြ။
ရ။ တရော် ကင်ပွန်းစသည် စိမ်ရခြင်း ကြောင့်ကြ။ ( ယခုခေတ်မှာ နည်းပါးသွားပါပြီ )
၈။ သျှစ်သျှားသီး ရှာရခြင်းကြောင့်ကြ။
၉။ သဖန်းခါးသီး ရှာရခြင်း ကြောင့်ကြ။
၁၀။ ဆံပင်ဆေးဆိုးရခြင်းကြောင့်ကြ။
၁၁။ဆံပင် ထုံးရခြင်းကြောင်ကြ။
၁၂။ ခေါင်းဖြီးရခြင်း ကြောင့်ကြ။
၁၃။ ဆံပင်ညှပ်ဆရာနှင့် ပြုပြင်ရခြင်း ကြောင့်ကြ။
၁၄။ ထုံးပြီးဆံပင်ကို ပြန်ဖြေရခြင်း ကြောင့်ကြ။
၁၅။ သန်းရှာရခြင်း ကြောင့်ကြ။
၁၆။ ဆံပင်တို့ ကျွတ်ခဲ့သော် စိုးရိမ် ညီးတွား ပူဆွေး ငိုကြွေးရ၏၊( မိလိန္ဒပဥှပါဠိတော်)

'သူငယ်၊ ဤ ကြောင့်ကြမှု ( ၁၆ ) ပါးတို့ဖြင့် ရစ်ပတ် နှောက်ယှက်ခြင်းခံရကုန်သောလူတို့သည် အလွန်သိမ်မွေ့နူးညံ့လှကုန်သော အလုံးစုံသော အတတ်ပညာတို့ကို ဖျက်စီးကြလေကုန်၏'  လို့ အရှင်ရောဟဏ မထေရ် က ဖြေတော်မူပါတယ်။
         
ဆံပင်ကြောင့်ဖြစ်ရတဲ့ ကြောင့်ကြမှု ဒုက္ခတွေကို သိရင် ဆံပင်ကို ရိတ်ပစ်လိုက်လို့ ရရှိတဲ့ ချမ်းသာမှုကို နားလည်လာမှာပါ။ ဒါကြောင့်လည်း စာရေးသူနဲ့ သိတဲ့ ဒကာတစ်ယောက်က လျှောက်ဘူးပါတယ်။
          'တပည့်တော် ဒုလ္လဘ၀တ်ပြီးကတည်းက ဆံပင်အရှည် မထားတော့ဘူးဘုရား၊ ခေါင်းတုံးနဲ့ နေရတာ သိပ်ချမ်းသာတယ်၊ အနည်းဆုံး စင်္ကာပူလို အချိန်ရှားတဲ့ နေရာမျိုးမှာ ဆံပင်အတွက် သိပ်ပြီး အလုပ်မရှုပ်တော့ဘူး ဘုရား' တဲ့။ ခေတ်ကာလ အခြေအနေအရမှာတော့ အလုပ်မရှုပ်တဲ့အပြင် လူအများ စိတ်ဝင်းစားတဲ့ စတိုင်လ်တစ်မျိုး ဖက်ရှင်တစ်မျိုးတောင် ဖြစ်နေပါပြီ၊။
           
သည်လိုပြောလို့ ခေါင်းတုံးဝါဒထွန်းကားရေးဘက်ကနေ ရှေ့နေလိုက်ပေးနေတာ မဟုတ်ပါဘူး။ လူအမျိုးမျိုးမို့ ဆံပင်နဲ့ပတ်သက်ပြီး အမြင် အမျိုးမျိုး ရှိကြမှာပါ။ သုခ လား ဒုက္ခ လားဆိုတာတော့ ကိုယ်တိုင် လက်တွေ့ကျကျသာ စမ်းသပ်ကျင့်သုံးကြည့်ကြရုံပါပဲ။





0 comments:

Post a Comment