Monday, May 31, 2010

ဘုရားမွေးနေ့ တို့မမေ့

Posted by ရေကြည်ချမ်းမြ

ဒီနှစ် (28.05.2010) မှာ ကျင်းပမယ့် Wesak day အတွက် တာဝန်ကျလာတဲ့ ခေါင်းစဉ်က ‘ဘုရားမွေးနေ့ တို့မမေ့’ တဲ့။ ဖိတ်စာထဲ ကြေငြာထားတာတော့ ဗုဒ္ဓနေ့ အထူးတရားပွဲဆိုပဲ။ ဘုရားရှင်ရဲ့ တရားဆိုတာ ဘယ်အချိန်ဟောဟော ဘယ်နေရာဟောဟော ထူးခြားပြီးသားပါ။ ထူးခြားဆို သဗ္ဗညုတဥာဏ်တော်နဲ့ ကိုယ်တိုင် သိပြီးမှ ဟောထားတာကိုး။ ကိုယ့်အယူအဆ ထင်မြင်ချက်တွေကို ဘုရားတရားယောင်ယောင် တောင်ဟော မြောက်ဟော လုပ်ရင်တော့ ထူး မထူး ပြောတတ်ပေဘူး။ အထူးတရားပွဲဆိုတဲ့ စကားလုံးကလည်း မြန်မာပြည်က တစ်ယောက်ယောက်က လက်ဆော့ လိုက်တာနဲ့ တူပါရဲ့။ ကိုယ်က ဗဟုသုတနည်းလွန်းလို့လားတော့ မသိဘူး။ ဘယ်ဓမ္မကထိက ကမှ ဒီအထူးတရားဆိုတဲ့ စကားလုံးကို အသေအချာ မရှင်းဘူး။ လူတွေခင်းပေးတဲ့ လမ်းအတိုင်း မသိချင်ယောင်ဆောင် မျက်စိမှိတ် လျှောက်သွားကြပုံပေါ်ပါတယ်။ ဒါ့ကြောင့်လည်း ‘ဒကာ ဒကာမတွေရဲ့ အလိုကိုလည်း လိုက်ပေးအုံးမှ လူတွေက ဘုန်းကြီးကျောင်းကို လာချင်ကြတာ ဘုရား’ ဆိုတဲ့ ဒကာမကြီးတစ်ယောက် လျှောက်တဲ့အသံကို ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားခဲ့ဘူးတာ။ ဒကာမကြီးရဲ့ လျှောက်သံကြားရတော့ ကာတွန်းလေးတစ်ခုကို သွား သတိရမိတယ်။ အမူးသမားတစ်ယောက်က ဘုန်းကြီးကျောင်းရောက်လာပြီး ဘုန်းကြီးကိုလျှောက်တယ်။ ‘အရှင်ဘုရား တပည့်တော် အရက်လှူချင်လို့ ဘုရား’တဲ့။ ဘုန်းကြီးက ‘ ဟ ဒကာ…ကြည့်လုပ်အုံး..ခုတလော အရက်တွေ သိပ်ဈေးကြီးတယ်နော် .. မင်း လှူနိုင်ပါ့မလား’ တဲ့။ အဲလို ဒကာနဲ့ ဘုန်းကြီးလိုမျိုး အချင်းချင်း အညမည သဟဇာတ ပစ္စည်းတပ်ပြီး ပေါင်းဖက်မိသွားရင် လောကကြီး ခက်ရချေရဲ့။ အလိုလိုက် အလိုလိုက်နဲ့ လွယ်တာမှတ်လို့နော်။

တာဝန်ကျထားတဲ့ ခေါင်းစဉ်လေးကို အိပ်ယာပေါ် မျက်စိမှိတ် အသံတိတ် ရွတ်ဆိုကြည့်ရင်း အတွေးနယ် လွန်နေမိတယ်။ တို့မမေ့ ဆိုတော့ မေ့နေကြလွန်းလို့ သေချာအားတင်းပြီး တို့မမေ့ တို့မမေ့ နဲ့ အကြိမ်ကြိမ် ရွတ်နေကြသလိုလို။ ဒါမှ မဟုတ် ဘယ်သူတွေမေ့မေ့ တို့မမေ့ဘူး ဆိုတဲ့ သဘောလိုလို။ ငယ်ငယ်တုန်းက ကလေးချင်း ရန်ဖြစ်ကြတဲ့အခါ ‘မကြောက်ဘူးကွ’ အော်ချရင် အမှန်တကယ်တော့ ကြောက်လွန်းလို့ အားတင်းလိုက်ရတာဆိုတာ ကြီးလာတော့ သိလာတာပါပဲ။ အင်း အဲလိုများဖြစ်နေမလားပေါ့။

တကယ်တော့ ဘုရားမွေးနေ့ ဆိုတာ အများသတ်မှတ်တဲ့ ရက်တစ်ရက်သာမို့ သမ္မုတိသစ္စာ ရှုထောင့်က ကြည့်ရင်တော့ မထူးဆန်းပါဘူး။ သို့ပေမယ့် ယနေ့ ဘယ်သိပ္ပံပညာရှင်မှ မဖော်ထုတ်နိုင်တဲ့ ပရမတ္ထသစ္စာဆိုတဲ့ နောက်ဆုံး တကယ်ရှိအမှန်တရားကို ဖော်ထုတ် ဟောကြားသွားတဲ့ မြင့်မြတ်တဲ့ မဟာလူးသားရဲ့မွေးနေ့ ဆိုတဲ့ အမြင်နဲ့ ကြည့်လိုက် တွေးမိလိုက်ရင် နဖူးပေါ်လက်တင် လက်အုပ်အကြိမ်ကြမ် ချီမိပါတော့တယ်။ ကြည်ညိုလေးစား အတုယူ အားကျစရာတွေ များမှ များပေါ့။

ဘုရားမွေးနေ့ ကျင်းပကြတဲ့ သူတွေအနေနဲ့ ဘုရားရဲ့စိတ်ဓာတ်တွေ မိမိတို့ နှလုံးသားထဲမှာ စိမ့်ဝင်နေကြဘို့ အရေးကြီးပါတယ်။ ဘုရားရှင်ရဲ့ စိတ်ဓာတ်ဆိုတာ ဘုရားအဖြစ်ရောက်ပြီးမှ စိတ်ဓာတ်တင် မဆိုလိုပါဘူး။ ဘုရားအလောင်းတော်သုမေဓာရှင်ရသေ့ဘ၀ ကနေစပြီး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဖြတ်သန်းလာတဲ့ စိတ်ဓာတ်ကို ဆိုလိုတာပါ။ ဘုရားအလောင်းဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အချိန်တွေကို အမှန်တရား မြတ်နိုးတဲ့စိတ်ဓာတ်၊ အများအကျိုးကို အနစ်နာခံ ဆောင်ရွက်တဲ့ ပရဟိတစိတ်ဓာတ်တွေနဲ့ ဖြတ်သန်းခဲ့သူပါ။ ဘုရားမွေးနေ့ တို့မမေ့ ဆိုပြီးအပေါ်ယံ ပညတ်တရားတွေနဲ့သာ မကျင်းပသင့်ပါဘူး။ ဘုရားရဲ့ ဖြတ်သန်းလာတဲ့ စိတ်နေ စိတ်ထားတွေကိုကြည်ညိုပြီး အတုယူ စံနမူနာထား လိုက်နာကျင့်သုံး ဆောင်ရွက်ကြမယ်ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေနဲ့ပါ ကျင်းပသင့်ပါတယ်။ ဒါမှ ဘုရားမွေးနေ့ပွဲ ကျင်းပရတာ အင်မတန်မှ အဓိပ္ပါယ် အနှစ်သာရ ရှိပါတယ်။

အမှန်တရားထွန်းကားမှုနဲ့ ပရဟိတစိတ်ဆိုတာ ကြောင်းကျိုး ဆက်သွယ်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အမှန်တရားကို ပြောဆို ဖော်ထုတ်ဘို့ဆိုတာ အမှန်တရား မထွန်းကားတဲ့ နေရာမျိုးမှာ အနစ်နာခံလိုတဲ့ ပရဟိတစိတ်မျိုး မရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မှန်ပေမယ့် ရေငုံနုတ်ပိတ် နေရတဲ့ဘ၀မျိုးဟာ ပရဟိတစိတ်နည်းပါးလွန်းလို့ပဲ လို့ ဝေဘန်သုံးသပ်ရမှာပါ။ ဘုရားရှင်ဟာ ပရဟိတဆောင်ရွက်လိုလို့သာ ပါရမီတော်တွေကို ခက်ခဲ ပင်ပန်းဆင်းရဲစွာ ဖြည့်ကျင့်ခဲ့တာပါ။ အတ္တဟိတ အတွက်သက်သက်ဆိုရင် ဒီပင်္ကရာဘုရားရှင်ခြေတော်ရင်းမှာတင် ကိစ္စပြီး ပွဲပြတ်နေပါပြီ။

မိမိတို့တစ်တွေ ပရဟိတစိတ် ဘယ်လောက်ရှိပြီလဲ။ ဘယ်လောက်လုပ်ပြီးပြီလဲ ဆိုတာ ဒီနေ့ ဝေဘန်သုံးသပ် ဆုံးဖြတ်ရမှာပါ။ ကိုယ်ကျိုးကို ရှေ့တန်းတင်ချင်စိတ်၊ အမှန်တရားကို မျက်ကွယ်ပြုချင်စိတ်တွေ များနေရင် ကိုယ်ရင်ဘတ်ထဲမှာ ဘုရားလောင်းစိတ်ဓာတ် မကူးသေးဘူးဆိုတာ ရဲရဲရင့်ရင့် သုံးသပ်ရဲရမယ်။ အဲလိုစိတ်ဓာတ်ရှိသူတွေ များလာတာနဲ့အမျှ ယနေ့ လူတွေအော်အော်နေကြတဲ့ ငြိမ်းချမ်းရေးဆိုတာဟာ ဝေးနေကြအုံးမှာပါ။ ယနေ့ လူသားတွေ ငတ်မွတ်နေတဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ရေးဆိုတဲ့ ဆုလာဘ်ဟာ ဘုရားလောင်းစိတ်ဓာတ်ဆိုတဲ့ လက်နဲ့ လှမ်းယူမှ ရမှာပါ။ အတ္တမာန လောဘ ဒေါသ အညစ်အကြေးတွေ စွန်းပေနေတဲ့လက်နဲ့ မရနိုင်ပါဘူး။ ယနေ့ ကမ္ဘာတစ်ဝှမ်းက ဖြစ်ပျက်နေတဲ့ အခြေအနေကို ကြည့်ရင် တို့ ဘာတွေလိုအပ်နေတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ ထင်ရှားနေပါတယ်။ ဒါကို ယနေ့ ဗုဒ္ဓရဲ့ တပည့်သာဝက ဗုဒ္ဓဘာသာဝင်များ သတိထားမိဘို့ လိုအပ်ပါတယ်။

အများအကျိုးဆောင်ရွက်ကြတဲ့နေရာမှာလည်း ခေတ်ကာလ အခြေအနေအရ တစ်ဦးတည်း ဆောင်ရွက်တာထက် အုပ်စု အသင်းအပင်းဖွဲ့ပြီး ဆောင်ရွက်ကြတာက ပိုပြီး ထိရောက်မှုရှိပါတယ်။ အများအကျိုးဆိုတာနဲ့ တပြိုင်နက် မိမိ ဆိုတဲ့ အတ္တကို မြေမြုပ်ပစ်လိုက်ဘို့ အထူးလိုအပ်ပါတယ်။ သို့မဟုတ်ရင် ပါးစပ်ပြော အများအကျိုး ဖြစ်သွားတတ်ပြီး ညီညွတ်မှုတွေလည်း အက်ကြောင်းထင်တတ်ပါတယ်။ ယနေ့ ကမ္ဘာမှာ အများအကျိုးဆောင် အသင်းအဖွဲ့တွေ အများကြီး ရှိပါတယ်။ ဒါဟာ ၀မ်းသာစရာပါ။ ဗုဒ္ဓနေ့ကို ကျင်းပကြတဲ့ အသင်းအဖွဲ့များဆိုတာ တကယ်တော့ ပရဟိတစိတ်ဓာတ်ရှိသူတွေပါ။ အထူးသဖြင့် ရွှေမြန်မာများ အဲသည်စိတ်ဓာတ်ကို ပိုမိုကျယ်ပြန့်အောင် ကြိုးစားဘို့ တိုက်တွန်းချင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာမျိုးဆက်သစ်ကလေးများကို လေ့လာကြည့်တော့ ‘ချစ်သူများနေ့’ သိပါတယ်။ လွတ်လပ်ရေးခေါင်းဆောင်ရဲ့မွေးနေ့ကို မသိပါဘူး။ ‘ခရစ်စမတ်နေ့’ ကို သိပေမယ့် ‘ဘုရားမွေးနေ့’ ကို စိတ်မ၀င်စားကြတော့ပါဘူး။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွေကော ဘာသာရေးခေါင်းဆောင်ဆိုသူများအတွက်ပါ ကျရှုံးချင်း တစ်ခုပါ။ အကြောင်းစစ်တော့ တာဝန်မဲ့ ဘာသိဘာသာနေတာ၊ အမြင်မကျယ်တာ၊နည်းအမျိုးမျိုးနဲ့ စည်းရုံးပြီး သိအောင် လုပ်ပေးလိုတဲ့ ပရဟိတစိတ်ဓာတ် နည်းပါးကြတာ ဆိုတာကို အထင်အရှား တွေ့ရမှာပါ။ ကလေးတွေ ချစ်သူများနေ့ ခရစ်စမတ်နေ့ ဆိုတာတွေကို သိကြတာ အပြစ်မဟုတ်ပေမယ့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကို နမော်နမဲ့ ဖြစ်နေကြတာကတော့ ကောင်းတဲ့အနေအထား မဟုတ်ပါဘူး။ အခြားဘာသာဝင်လူကြီးတွေ ဘာသာရေးခေါင်းဆောင်တွေက သူတို့ရဲ့ အထိမ်းအမှတ် နေ့ထူးနေ့မြတ်တွေကို အများသိအောင် လုပ်ပေးနိုင်သလို ဗုဒ္ဓဘာသာခေါင်းဆောင်တွေက ဗုဒ္ဓမွေးနေ့ ကို ကလေးတွေ သိအောင်၊ နှလုံးသားထဲ ရောက်နေအောင် လုပ်မပေးနိုင် မစည်းရုံးနိုင်ကြလို့ပါပဲ။ ယနေ့ အများပေါင်းစုပြီး wesak day ကျင်းပကြတယ်ဆိုတာ ဒီလို ရည်ရွယ်ချက်ကလေးတွေ ပါပါတယ်။

Wesak day ကို သီရိလင်္ကာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့အစည်ကားဆုံး ပွဲတော်တစ်ခုအနေနဲ့ တနိုင်ငံလုံး ကျင်းပကြပါတယ်။ ပျော်စရာပွဲတော် ဆိုတာထက် အတုယူစရာ၊ ကြည်ညိုစရာ၊ သံဝေဂယူစရာ ပွဲတော်အသွင်နဲ့ ကျင်းပကြတာပါ။ မြန်မာနိုင်ငံ သီတင်းကျွတ်ပွဲတော်နဲ့ ခပ်ဆင်ဆင်ပါပဲ။ မီး မဏ္ဍပ်တွေနဲ့ အလှဆင်ပြီး ဇာတ်နိပါတ်တော်တွေကို ပန်ချီးကားနောက်ခံထား လာကြည့်ကြတဲ့သူတွေကို တရားအသိတစ်ခုခု ကျန်အောင် ပြသထားတာပါ။ နောက်ခံ အသံချဲ့စက်ကလည်း ပန်ချီးကားတွေကို အသံနဲ့ သရုပ်ဖော်ပေးနေပါတယ်။ ဘုရားရှင်ရဲ့မွေးနေ့ကို အဲသည်လို မြင့်မြတ် လေးနက်စွာ ကျင်းပကြတာပါ။ သီဆိုတော့လည်း ဘဂ၀ါဂီတဆန်ဆန် အေးဆေးငြိမ့်ညောင်း သာယာနာပျော်တဲ့ တေးသီးချင်းလေးတွေကိုပဲ သရုပ်ဖော်အကတွေနဲ့ တွဲဖက်ပြီး တင်ဆက်တာပါ။ အင်မတန်မှ ယဉ်ကျေးပါတယ်။ ခေတ်ပေါ်သီချင်းတွေကို အသံကုန်ဟစ်ပြီး သရုပ်ပျက် ၀တ်စားဆင်ယင် မူးရူး ကခုန်နေကြတဲ့ မြင်ကွင်းနဲ့ကတော့ တခြားစီပါပဲ။

ဒါတွေဟာ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာ လူငယ်များအတွက် အတုယူစရာလေးတွေပါ။ ဒါမှ နောက် ညီငယ် ညီမငယ်များကို ကောင်းမြတ်တဲ့ ဘာသာရေး ယဉ်ကျေးမှုအမွေအနှစ်တွေ ကို လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်။ အများအကျိုးဆောင်ရွက်တယ်ဆိုတာက ပရဟိတစိတ်တစ်ခုတည်းနဲ့လည်း မရပါဘူး။ ပညာ အထွတ်လည်း တပ်ဆင်ရပါတယ်။ ပညာလည်းပြည့်ဝ ပရဟိတစိတ်လည်း ရှိကြတဲ့ အသင်းအဖွဲ့တွေ ဖြစ်မှ လုပ်ဆောင်ချက်တိုင်း ထိရောက်အောင်မြင်ကြမှာပါ။

ယနေ့ ဗုဒ္ဓဘာသာ လူငယ်လူကြီးများ ဘုရားမွေးနေ့မှာ ဘုရားလောင်းရဲ့ ပရဟိတစိတ်ဓာတ်ကို မိမိတို့ နှလုံးသားမှာ မိတ္တူပွါးပြီး ဗုဒ္ဓမွေးနေ့ကို ပိုမို ကျယ်ကျယ်ပြန့်ပြန် သိအောင် အသင်းအဖွဲ့များစုစည်း ကြိုးစားကြဘို့ အထူးပင်လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဘုရားမွေးနေ့ တို့မမေ့ ယနေ့ကျင်းပသည်။

ဘုရားစိတ်ထား မိတ္တူပွါး တို့များ ကြိုးစားကြရမည်။

Thursday, May 13, 2010

သတိ /သေတတ်သည်

Posted by ရေကြည်ချမ်းမြ

သက်တမ်းတွေက တိုလွန်းလှတယ်။ သေလိုက်ကြတာ ဖျတ်ကနဲ ဖျတ်ကနဲ။ ပူပြင်းလှတဲ့ ရာသီဥတုက ကိုကျော်သူ ကို အလုပ်များစေပေါ့။ ကိုကျော်သူ ကတော့ နောက်ထပ်ပေးဆပ်စရာတွေ တိုးပွါးလာတယ်လို့ပဲ မှတ်ယူနေမှာပါ။ လုပ်နေရတာတွေက မသေချာတာတွေ။ သေချာနေတာက သေခြင်းတရား။ ဘယ်အတိုင်းအတာထိ ပြင်ဆင်ပြီးပြီလဲ။ မေးခွန်းတွေ အသံတိတ်မေးရင်းနဲ့ပဲ ချွေးစေးတွေ ပြန်လာသလိုလို၊ ရေငတ်လာသလိုလိုကြီးပါလား။ သေမှာက သေချာတာမို့ မထူးဆန်းဘူး။ ထူးဆန်းတာက ဘယ်လို သေမှာလဲ ဆိုတာပဲ။ ပြု ပြော တွေး အရေးသုံးချက်မှာ ကုသိုလ်စေတနာတွေ ငြိကပ်နေဘို့က သိပ်အရေးကြီးနေပြီ။ ကုသိုလ်စေတနာတွေ မငြိရင် အကုသိုလ်စေတနာတွေက အစားထိုး နေရာယူ ငြိသွားမှာပဲ။ အဲဒါတွေ ငြိသွားရင်တော့ သွားပြီ အ၀ီစိ။ သတိရတဲ့နေ့ဟာ နောက်မကျသေးဘူးတဲ့။ သတိရဘို့ဆိုတာကလည်း သတိရစရာ အကြောင်းတရားလေးတွေကလည်း ရှိအုံးမှ။ ရှိတောင် ဆင်ခြင်အုံးမှ။ အင်း လူတစ်ယောက် သူတော်ကောင်းဖြစ်ဘို့အရေး တယ်မလွယ်ပါ့လား။ အမြဲ ဆင်ခြင် သတိပေးနေမှ။ ကိုယ်လို သတိရစရာ အကြောင်းလေးတွေ မရှိသေးတဲ့သူတွေအတွက် ကိုယ့်အတွက်တော့ ရင်ထဲထိ ဘ၀င်စွဲငြိတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဆုံးမစာလေးကို ဓမ္မလက်ဆောင်အဖြစ် ဖြန့်ဝေပေးလိုက်တယ်။ သေခြင်း တရားနဲ့ ပတ်သက်လို့ မိနစ်ပိုင်းမျှလောက် သံဝေဂဥာဏ်လင်းလက်ပြီး ကောင်းတာလေးတွေလုပ်ဖြစ်သွားတယ်ဆိုရင်ပဲ……….။

ကိုယ့်တွက်ကိုယ့်တာ ကျင့်ကြံပါ

ဆိုပိန့်ဟုတ်ရာ၊ စဉ်းစားပါလော၊ ခန္ဓာဘာရ၊ ပဉ္စက ကား၊ ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။ ဘေးရန်ကင်းကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။

နင်နှင့်တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွါးဥစ္စာ၊ ဥာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့ထက်၊ ပဏ္ဏာဆက်၏။

လ ရက် နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘ၀၊ အနန္တက၊ ဆုံး စ မပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဥာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဖွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ၀ိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။ ။ ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။

ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဘို့သာ၊ နီးကပ်လာသို့။ ။ သူ ငါကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏၊။

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။ ။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။ ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဥာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တောတောဆို၍၊ မဂ် ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကား နင့်တွက် ကျင့်တော့တည်း။ (လယ်တီရာတော်ဘုရားကြီး)