Friday, November 13, 2009

သိတာ၊ မြင်တာ၊ တွေးမိတာလေးများ

Posted by ရေကြည်ချမ်းမြ


အနှစ် ၂၀ ခရီး စာအုပ်အတွက် စာမူပို့ဘို့ အွန်လိုင်းပေါ်ကနေ တဆင့်တောင်းဆိုလာတော့ ဘာအကြောင်းရေးရင် ကောင်းမလဲ ဆိုတာ အပြေးအလွှား စဉ်းစားရပါတယ်။ စင်္ကာပူ ဆိုတာကလည်း လူတိုင်းလိုလို အပြေးအလွှား လုပ်ငန်းလုပ်ကြရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လေတော့ ကိုယ်လည်း ဓာတ်ကူး အကျင့်ပါ ပြာတာတာ ဖြစ်နေတတ်ပါပြီ။

ဖျတ်ကနဲ ဖျတ်ကနဲ သတိရတတ်ပေမယ့် လေးလေးနက်နက် မစဉ်းစားခဲ့တာ ကြာပြီဆိုပါတော့။ စာမူတောင်းလာမှ “အော် ဥယျာဉ်ပရိယတ္တိစာသင်တိုက်ဆိုတဲ့ နာမည်ဟာ ပရိယတ္တိလောကမှာ နေရာတစ်ခု ယူလာတာ အနှစ် ၂၀ တောင် ရှိနေပါပြီကော” လို့ သတိထားမိပါတယ်။ ဥယျာဉ်ပရိယတ္တိစာသင်တိုက် ဆိုတဲ့ လှေကြီးပေါ်မှာ လောက်လောက်လားလား မဟုတ်ပေမယ့် မိမိကိုယ်တိုင် ကျရာ နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်လောက်တော့ ၀င်ရောက်လှော်ခတ်ခဲ့ဘူးပါတယ်။ ပဓာနနာယက ဆရာတော်ဆိုတာကလည်း မိမိကို မိဘလို၊ ဆရာသမားလို၊ သာသနာပြုဘက် သူငယ်ချင်းလို၊ ပုံစံအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံခဲ့သူပါ။ မိမိဘ၀မှာ ရခဲတဲ့ အခွင့်အရေးတစ်ခုလို့ ဆိုရင် မမှားပါဘူး။ မိမိလက်ထက်က တပည့်တပန်းတွေ အရွယ်ရောက် လူလားမြောက်လာတဲ့အခါ သူတို့ကို သူငယ်ချင်းလို နေရာပေး အလေးထား ဆက်ဆံတတ်တာဟာ ဆရာတော် သင်ပေးလိုက်တဲ့ သင်ခန်းစာတစ်ခုပါ။

မိမိဘ၀မှာ ကျေးဇူးရှင် ဆရာသမားပေါင်းများစွာ ရှိခဲ့ပါတယ်။ အဲသည်ထဲက စာအုပ်ထဲမှာ မပါတဲ့ သင်ခန်းစာပေါင်းများစွာ ကို သင်ကြားပေးတဲ့ ဆရာသမားကို ညွှန်ပြပါဆိုရင် ဥယျာဉ်ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ကိုပဲ ညွှန်ပြရပါလိမ့်မယ်။ အခြားကျေးဇူးရှင် ဆရားသမားတွေက လူကြီးဘ၀ရောက်အောင် သင်ပေးလိုက်တဲ့ ဆရာသမားဆိုရင် ဥယျာဉ်စာသင်တိုက်ဆရာတော်က လူကြီးလုပ်တတ်အောင် သင်ပေးတဲ့ ဆရာသမားလို့ ဆိုရမှာပါ။ နို့ပေမယ့် မိမိက ပါရမီနည်းလေတော့ ဆရာတော် သင်ပေးသလောက် မရခဲ့ပါဘူး။

ဆရာတော်အနေနဲ့ အနှစ် ၂၀ အတွင်းးမှာ သာသနာတော်အတွက် မှတ်တိုင်ပေါင်းများစွာကို စိုက်ထူခဲ့ပြီးပါပြီ။ အဆိုပါမှတ်တိုင်တွေထဲမှာ ယခု မိမိတို့တပည့်ကြီးတွေ သီတင်းသုံးနေတဲ့ စင်္ကာပူနိုင်ငံက ဓမ္မဥယျာဉ်ကျောင်းလေးဟာလည်း တစ်ခုအပါအ၀င်ပါ။ မိမိတို့တတွေ ပြည်ပကို စတင်မြစ်ဖျားခံခဲ့တဲ့ ဥယျာဉ်စာသင်တိုက်ကို ဂုဏ်ပြုပြီး ဓမ္မဥယျဉ်လို့ပဲ အမည်ပေးထားတာပါ။ ပြည်ပမှာနေထိုင်နေတဲ့ ဆရာတော်ရဲ့ တပည့်တစ်ပါးအနေနဲ့ရော တိုက်ရဲ့ စာချဆရာအနေနဲ့ပါ သိတာ၊ မြင်တာ၊ တွေးမိတာလေးတွေကို အနာဂတ်မျိုးဆက်သစ်လေးတွေအတွက် စကားလက်ဆောင်အဖြစ် မျှဝေချင်လို့ ဒီစာကို ရေးဖြစ်တာပါ။

သာသနာပြုဆိုတဲ့ ဝေါဟာရဟာ မိမိတို့မြန်မာနိုင်ငံမှာ တော်တော်လေး ပေါ်ပြုလာဖြစ်တဲ့ စကားလုံးပါ။ ဘုရားရှင် ဟောကြားတော်မူတဲ့ ဆင်းရဲငြိမ်းကြောင်း တရားတွေကို လူသားတွေရဲ့ ရင်ထဲ နှလုံးသားထဲကို ရောက်အောင် ပို့ဆောင်ပေးတာဟာ သာသနာပြုတာပါ။ အဲဒီလို ပို့ဆောင်ရာမှာ နည်းလမ်းတွေအများကြီး ရှိပါတယ်။ ဟောပြောခြင်း၊ ရေးသားခြင်း၊ သင်ကြားပို့ချခြင်း၊ အတုယူ လောက်အောင်ထိ ကျင့်ကြံခြင်းတို့ ဖြစ်ပါတယ်။ လူသားတွေရင်ထဲကို ရောက်အောင် နည်းလမ်မျိုးစုံနဲ့ ပို့ဆောင် မပေးနိုင်သေးသရွေ့ ဘာတွေပဲ အော်ဟစ်နေနေ၊ အဆောင်အယောင်တွေ ဘယ်လောက်ပဲ ပေါကြွယ်ဝကြွယ်ဝ၊ ပရိသတ် ဘယ်လောက်များများ၊ ကြော်ငြာဆိုင်းဘုတ်တွေ ဘယ်လောက်မြင့်မြင့်၊ သာသနာပြုဆိုတဲ့ စကားလုံးနဲ့ မတန်သေးပါဘူး။ ပရိယတ္တိသာသနာပဲပြုပြု ၊ ပဋိပတ္တိသာသနာပဲပြုပြု အောင်မြင်မှု ရှိ၊ မရှိဆိုတာ ရင်ထဲမှာ တကယ် ထိထိရောက်ရောက်သိပြီး လက်တွေ့ကျကျ ကျင့်သုံးလိုက်နာမှု ရှိ၊ မရှိဆိုတဲ့ စံပေတံနဲ့ တိုင်းတာရမှာပါ။ အပေါ်ယံစာမျက်နှာပေါ်မှာ စာနဲ့ရေးပြထားတဲ့ အောင်မြင်မှုတွေ ဂုဏ်ထူးတွေနဲ့ တိုင်းတာရတာမဟုတ်ပါဘူး။

အနှစ်သာရထက် အကာကို အလေးပေးလာတဲ့ ဦးစီးခေါင်းဆောင်တွေ များလာတဲ့အခါ သူတို့ရဲ့ အောင်မြင်ကျော်ကြားလိုမှု၊ ထင်ပေါ်လိုမှုအတွက် နောက်လိုက်ပရိသတ်တွေဟာ တစ်ခါ တစ်ခါ အသုံးချခံ ပစ္စည်းတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ သာသနာပြုတာလား၊ ကိုယ့်အတ္တလေး တောက်ပြောင်ဘို့အတွက် ပရိသတ်ကို အသုံးချနေတာလား ဆိုတာ မေးရမလို ဖြစ်နေပါပြီ။ သာသနာပြုနေတာနဲ့မတူပဲ ဈေးကွက်စီးပွါးရေး ပုံစံမျိုး ဖြစ်သွားရင် မကောင်းပါဘူး။ အပြစ်ဆိုဘို့ကလည်း အခက်သားပါ။ ထောက်ပံ့တဲ့ ဒကာ ဒကာမဆိုတာကလည်း စာရွက်ပေါ်မှာရေးပြထားတဲ့ အောင်မြင်မှုတွေ၊ အပေါ်ယံ ပကာသနတွေကိုသာ ကြည့်ပြီး ကိုးကွယ်ဆည်းကပ်တတ်သူက ခပ်များများ မဟုတ်လား။ အကျိုးဆက်ကတော့ အောင်မြင်မယ် ထင်ပေါ်ကျော်ကြားမယ်ဆိုရင် ပြီးရော။ တုတ်နဲ့ရိုက်လို့ပဲ ရရ၊ ခဲနဲ့ပစ်လို့ပဲ ရရဆိုတဲ့ ၀ါဒသမားတွေ ထွန်းကားလာတာပါပဲ။ ရည်ရွယ်ချက်ပန်းတိုင်နဲ့ လျှောက်နေတဲ့လမ်းက တခြားစီဖြစ်သွားပါပြီ။ ဒီအချက်ဟာ ခေါင်းဆောင်လုပ်မယ့် မျိုးဆက်သစ်တွေ မှန်မှန်ကန်ကန် နားလည်ထားရမယ့်အချက်ဆိုတာ တွေးမိလို့ မျှဝေတာပါ။

သာသနာပြုဆိုတဲ့ လုပ်ငန်းစဉ်အောက်မှာ နေရတာချင်းတူပေမယ့် ပြည်တွင်းနဲ့ ပြည်ပ အနေအထားချင်းက မတူတတ်ပါဘူး။ အားနည်းချက် အားသာချက်ဆိုတာကတော့ သူ့နေရာနဲ့သူ ရှိစမြဲပါ။ ဒီနေရာမှာ ပြည်ပကို သာသနာပြုမယ့်ဘုန်းကြီးတစ်ပါးအနေနဲ့ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့ နေရာတစ်နေရာကို ခြေချတာနဲ့ တပြိုင်နက် ငါဟာ လူသားအားလုံးနဲ့ ညီတူညီမျှ အခွင့်အရေးရှိတဲ့ လူသားတစ်ဦးပဲလို့ ခံယူထားတတ်ဘို့ အရေးကြီးပါတယ်။ အခွင့်ထူးခံလူသားဆိုတဲ့ အရေကို ချွတ်ခဲ့ဘို့လိုပါတယ်။ ပြည်တွင်းမှာဆိုတာက ဘုန်းကြီး ရဟန်း သံဃာဆိုတာနက်တပြိုင်နက် အခွင့်ထူးခံပါမစ်က အော်တို ရပြီးသားဖြစ်နေတတ်တာ။ ဘယ်နေရာသွားသွား ဘာလုပ်လုပ် ဦးစားပေးခံ အခွင့်အရေးပေးခံကြတာက များတာကိုး။ သည်တော့ နေရာတကာမှာ အခွင့်ထူးခံချင်တဲ့စိတ်၊ အချောင်စိတ်ကလေးတွေဟာ မသိမသာ ကော၊ သိသိသာသာပါ ကပ်ပါလာတတ်ပါတယ်။ ပြည်ပမှာတော့ မိမိတို့တစ်တွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအောက်က လူသားတစ်ယောက်ပါပဲ။ သည့်ထက်မပိုပါဘူး။ ပိုလိုလည်း မရပါဘူး။ ဥပမာအားဖြင့် နေရာတိုင်းမှာ တန်းစီစနစ်ကျင့်သုံးတဲ့ စင်္ကပူလိုနိုင်ငံမျိုးမှာ ငါဘုန်းကြီးပဲကွာ ဆိုပြီး Imigration (လူဝင်မှုကြီးကြပ်ရေးဌာန ) မှာ ကျော်တက်လို့ မရပါဘူး။ ကျော်ရင်လည်း အရာရှိရဲ့ အော်တာ ငေါက်တာခံရဘို့ သေချာပါတယ်။ အဲဒီလိုလုပ်တာဟာ ကိုယ့်နိုင်ငံမှာ ဘာမှ မဆန်းပေမယ့်၊ အခြားနိုင်ငံမှာတော့ အချောင်စိတ်ရှိသူ၊ အခွင့်အရေးသမား၊ စည်းကမ်းမလိုက်နာသူအဖြစ် အထင်သေးခံရတတ်ပါတယ်။ နေရာတကာ လက်ညိုးထိုးတတ်တဲ့ အကျင့်လေးနဲ့ ငါဘုန်းကြီးပဲဆိုတဲ့မာနလေးကို ကိုင်ဆောင်ခဲ့သူဟာ ပြည်ပမှာ အဆင်ပြေချောမွေ့မှု မရှိတတ်တာက များပါတယ်။ ဒါဟာ သိထားသင့်တဲ့ အချက်တစ်ခုပါ။

နိုင်ငံခြားမှာ နေသူတိုင်း၊ နိုင်ငံခြားကပြန်လာသူတိုင်း အထင်ကြီးစရာ မဟုတ်သလို၊ မရောက်ဘူးလို့လည်း အထင်သေးစရာမဟုတ်ပါဘူး။ ပြည်တွင်းမှာနေပေမယ့် နိုင်ငံခြားမှာ နေသူတွေထက် အတွေးအခေါ် ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ရှိကြတဲ့သူတွေ အများကြီးရှိသလို၊ နိုင်ငံခြားက ပြန်လာပြီး ဘာအတွေးအခေါ် ဗဟုသုတမှ ပါမလာတဲ့ အူကြောင်ကြောင်တွေလည်း အများကြီး ရှိပါတယ်။ “တို့လည်း ရောက်ဘူးပါတယ်ကွာ၊ ဘာမှမဟုတ်ပါဘူး” ဆိုတဲ့ စကားမျိုးဟာ အဲသည်လိုလူမျိုးတွေ ဆီက အများဆုံး ကြားရတတ်တာပါ။ အဖြေက ကိုယ်ကိုယ်တိုင်က ဘာမှ မဟုတ်တော့ ဘာမှ မဟုတ်တာတွေပဲ ယူဆောင်ပြီး ပြန်ရတဲ့သဘောပါပဲ။ ရောက်တာခြင်း တူပေမယ့် ယူတတ်တာခြင်း မတူပါဘူး။ ကြည့်တတ် မြင်တတ်တဲ့သူက ပိုပြီး ယူတတ်ပါတယ်။ ယူတတ်တာခြင်း တူပြန်သော်လည်း ယူနိုင်တာခြင်း မတူပါဘူး။ နိုင်ငံတကာသုံး အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ် ပြောတတ်တဲ့သူက ပိုပြီးယူနိုင်ပါတယ်။ ဘာသာစကားပေါက်တဲ့သူက မိမိသိချင်တဲ့ ဘာသာရေး၊ ပညာရေး၊ စီးပွါးရေး စတာတွေကို တိုက်ရိုက်မေးမြန်း ပြောဆို ဆွေးနွေးနိုင်တာကိုး။ ဘုန်းကြီးတစ်ပါးအနေနဲ့ မိမိရောက်တဲ့ နိုင်ငံရဲ့ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တွေကို သိအောင် လေ့လာပြီး အတုယူထိုက်တဲ့ နည်းလမ်းတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ပေါင်းစပ် အကောင်ထည်ဖော်ကျင့်သုံးနိုင်၊ မျိုးဆက်သစ်တွေကိုလည်း မျှဝေနိုင်မှ တန်ဘိုးရှိပါတယ်။ အဲသည်လိုမှ မဟုတ်ရင် မိုးမျှော်တိုက်ကြီးတွေရှေ့မှာ ဓာတ်ပုံရိုက်၊ သာသနာပြုဆိုင်းဘုတ်တပ်ပြီး၊ သက်ဆိုင်ရာ ပရိသတ်ကို ကြွားပြရုံအဆင့်ထက် မပိုပါဘူး။ အနာဂတ်မျိုးဆက်သစ်များအနေနဲ့ ယူတတ်အောင်၊ ယူနိုင်အောင် အတွေးအခေါ်ကော၊ အင်္ဂလိပ်ဘာသာစကားပါ ထက်ထက်မြက်မြက်ရှိကြဘို့ အကြံပြုလိုပါတယ်။

နောက်တစ်ချက် ပြည်ပမှာ နေထိုင် သာသနာပြုမယ့် ဘုန်းကြီးဟာ စွယ်စုံတတ်ရပါတယ်။ ပလ္လင်ပေါ်တက်ပြီး “သတည်း” လုပ်တတ်ရုံမျှနဲ့ အလုပ်မဖြစ်ပါဘူး။ လူငယ်တွေ နားလည်လွယ်မယ့် စကားလုံးနဲ့ ပြောရရင် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း နေရာမျိုးစုံ ကစားတတ်တဲ့ ဘောလုံးသမားလို ဖြစ်နေရပါမယ်။ တရားဟောခြင်း၊ စာသင်ခြင်း၊ ဒကာ ဒကာမ ဆက်ဆံရေးဆိုတဲ့ ရှေ့တန်း၊ ကွန်ပြူတာ၊ အင်တာနက်၊ ဖက်စ် စတဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေကို ထဲထဲဝင်ဝင် ကိုင်တွယ် အသုံးပြုတတ်ခြင်း အလယ်၊ လိုအပ်ပါက အချက်အပြုတ်နဲ့ သန့်ရှင်းရေးအလုပ် ဆိုတဲ့ နောက်တန်း အားလုံး တတ်နေမှ အလုပ်ဖြစ်တာပါ။

လက်လှုပ်မှ ပါးစပ်လှုပ်ရတယ် ဆိုတာ တကယ်တော့ ပြည်ပမှာ နေထိုင်ကြတဲ့ သူတွေအတွက် ပိုပြီးမှန်တဲ့ စကားပါ။ လူတိုင်းလူတိုင်း အလုပ်ကို အလုပ်နဲ့တူအောင် တကယ်လုပ်နေကြရတာမို့ ပြည်ပမှာ အချိန်ဆင်းရဲပါတယ်။ လူမှုရေးတာဝန်တွေတောင်မှ ချွတ်ယွင်းနေကြလွန်းလို့ စိတ်ပျက်နေသူက အများစုပါ။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘုန်းကြီးတစ်ပါးအနေနဲ့ “ ဟေ့ ဒကာ၊ ကျောင်းလာခဲ့အုံး၊ ကျောင်းမှာ လုပ်စရာလေးရှိလို့” ဆိုပြီး ခပ်တည်တည်နဲ့ ခေါ်ခိုင်းလို့ မရပါဘူး။ အချိန်လည်း မပေးနိုင်ပါဘူး။ အချိန်ပေးနိုင်တဲ့ စနေ တနင်္ဂနွေလို နေ့မျိုးတောင်မှ ဘုန်းကြီးကျောင်းကို လာတဲ့သူဆိုတာက အနည်းစုပါ။ ကျောင်းလာတဲ့အခါမှ ကိုယ်ပေးချင် တဲ့ ဘာသာရေး ဗဟုသုတလေးတွေ သူတို့ကို ပေးရင်း၊ တဘက်ကလည်း ကိုယ်နားမလည်သေးတဲ့ အိုင်တီဆိုင်ရာနည်းပညာလေးတွေကို သင်ပေးခိုင်းရတာပါ။ ပြည်ပမှာ နေထိုင်သာသနာပြုမယ့် သူဟာ ကိုယ့်အားကိုကိုး တတ်တဲ့စိတ်မျိုး အမြဲတမ်းမွေးမြူထားရမှာပါ။ ဒါမှ အမြဲတမ်းရှင်သန်နေနိုင်မှာပါ။ ဘယ်အရာမဆို ကိုယ်မတတ်ရင် သူများကို ခိုင်းရတာ မျက်နှာငယ်သလို၊ စိတ်တိုင်းလည်း မကျတတ်ကြဘူး မဟုတ်လား။ ပြည်တွင်းမှာဆိုတာက ဒါတော့ မလုပ်တတ်ပါဘူး၊ မလုပ်ချင်ပါဘူးလို့ ပြောဆိုခွင့်ရပေမယ့်၊ ပြည်ပမှာတော့ မလုပ်တတ် လုပ်တတ်အောင်၊ မဖြစ် ဖြစ်အောင်ကို လုပ်ရပါတယ်။ ရွေးချယ်ခွင့် မရှိပါဘူး။ ဒါကိုလည်း သိထားဘို့ လိုပါတယ်။

ခုဆိုရင် စာအုပ်ထုတ်ပြီး သာသနာပြုတာထက် ပိုကျယ်ပြန့်တဲ့ ကိုယ်ပိုင် blog တွေ၊ website တွေ ဖန်တီးပြီး မိမိတို့ သိစေချင်တဲ့ ဘာသာရေး ဆိုင်ရာတွေကို ကမ္ဘာမှာရှိတဲ့သူအားလုံး အချိန်မရွေး အင်တာနက်ပေါ်မှာ ဖွင့်ဖတ်နိုင်အောင် ရေးသားသာသနာ ပြုနေတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဘယ်တရားပွဲကိုမှ ခြေညောင်းခံ သွားစရာမလိုပဲ ကိုယ့်အိမ်မှာတင် ကိုယ်နာချင်တဲ့တရားကို အင်တာနက်ကနေတဆင့် နာလို့ရတဲ့ အဆင့်ထိရောက်နေပါပြီ။ နည်းပညာတွေတိုးတက် ထွန်းကားလာတာနဲ့ အမျှ မိမိတို့ ဘာသာရေးခေါင်းဆောင်များ အနေနဲ့ အဆိုပါနည်းပညာကို ကောင်းကောင်းအသုံးချပြီး ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုကြဘို့ပါပဲ။ သက်တမ်းတိုတဲ့ ယခုလိုကာလမျိုးမှာ အလုပ်လုပ်ချိန် နည်းလွန်းပါတယ်။ အနာဂတ်မျိုးဆက်သစ်များ ဘုရားရှင်ရဲ့ တရားတွေကို နည်းပညာအကူအညီနဲ့ လူသားတွေ နှလုံးသားထဲ အမြန်ဆုံးရောက်အောင် ဘယ်လို ပို့ကြမလဲဆိုတာ စဉ်စားကြဘို့ပါ။ လှည်းခေတ် လှေခေတ်တုန်းက အတိုင်း သွားနေရင်တော့ မိမိတို့ ဘာသာ သာသနာဟာ နောက်ကျ ကျန်ရစ်နေမှာ သေချာပါတယ်။ ကမ္ဘာကြီးက ရွာဖြစ်နေချိန်မှာ မိမိတို့က ရွာကို ကမ္ဘာမထင်ကြဘို့ သတိပေးပါတယ်။

နောက်တစ်ချက်ကတော့ အရာရာကို သည်းခံတဲ့စိတ် မွေးဘို့ပါ။ ပြည်ပမှာဆိုတာက လူမျိုးစုံ ကာလာမျိုးစုံမို့ လူတိုင်း ကိုယ့်ကို အရိုအသေးပေး အလေးထား ဆက်ဆံကြလိမ့်မယ်လို့ မထင်ပါနဲ့။ လူမျိုးခြားမဆိုထားနဲ့ ကိုယ့်ဗုဒ္ဓဘာသာဆိုတဲ့ မြန်မာလူမျိုးထဲမှာတောင်မှ ဘုန်းကြီး ရဟန်းသံဃာနဲ့ မဆက်ဆံတတ်သူတွေဟာ အပုံကြီးပါ။ ဒီအပေါ်မှာ “ ဒီကောင် ဘုန်းကြီး ဘုန်းကြီးမှန်းမသိ၊ ရိုင်းလိုက်တာ၊ ဗုဒ္ဓဘာသာ မြန်မာ မဟုတ်တဲ့အတိုင်းပဲ” လို့ အပြစ်တင် စိတ်ဆိုးနေရင်တော့ ကိုယ်သာ ပင်ပန်းသွားမှာပါ။ နားလည် သည်းခံစိတ်မွေးပြီး ကိုယ်လိုချင်တဲ့ ပုံစံမျိုးရအောင် ရောက်အောင် စည်းရုံးရပါတယ်။ ဒါဟာ သာသနာပြုတာပါပဲ။ ဘုန်ကြီး အများစုဟာ မသိတဲ့သူကို သိလာအောင်၊ နားမလည်သူကို နားလည်လာအောင် သည်းခံပြီး စည်းရုံးသင်ပြသူထက်၊ မသိရကောင်းလား၊ နားမလည်ရကောင်းလားဆိုပြီး အပြစ်တင် ကြိမ်းမောင်းချင်သူက ခပ်များများရယ်ပါ။ ခရစ်ယန်သာသနာပြုများဟာ အဲသည်အချက်မှာတော့ မိမိတို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေထက် အများကြီးသာတာကို တွေ့ရပါတယ်။ ရှေးကာလတုန်းက ပြဿနာ မဟုတ်ပေမယ့် ခုခါမှာ ဒီလိုလုပ်လို့ မရတော့ပါဘူး။

စာသင်တာတောင်မှ ပြည်ပက ကလေးတွေက တစ်မျိုးတစ်ဘာသာပါ။ သင်နေရင်း သူတို့ မရှင်းတာရှိရင် လက်ညိုးထောင် တန်းပြီး မေးခွန်းတွေ တရစပ် မေးတော့တာပါ။ ဆရာ လုပ်သူက ရှင်းပေတော့ပဲ။ တစ်ခါတစ်ခါ ကျောင်းသားတစ်ယောက်တည်းရဲ့ မေးခွန်းကို ဖြေရင်း စာသင်ချိန်တွေ ကုန်ဆုံးတတ်ပါတယ်။ ဒါကိုက သူတို့ရဲ့ ပညာသင်ကြားနည်း စနစ်တစ်ခုပါ။ ကိုယ်က နားလည် သီးခံပြီး စိတ်ရှည်ရှည် ရှင်းပြရပါတယ်။ တွေးကြည့်ရင်တော့ မိမိတို့တစ်တွေ ဖြတ်သန်းခဲ့ရတဲ့ ပညာရေး စနစ်နဲ့က ပြောင်းပြန်လို့ ဆိုရမလောက်ပါ။ ဘုန်းကြီး ပညာရေးစနစ်မှာ စာချနေရင်း မရှင်းလို့ ထ မေးတာမျိုးဟာ မရှိသလောက်ကို ရှားပါတယ်။ ဆရာတွေကလည်း မကြိုက်သလို ၊ တစ်ချို့ဆရာတွေကဆို အော်တာ ငေါက်တာ၊ ရိုက်တာမျိုးတောင်မှ လုပ်တတ်ပါသေးတယ်။ ကျောင်းသားတော်တော်များများကလည်း မေးရကောင်းမှန်း မသိပါဘူး။ အစဉ်အလာကလည်း မရှိ၊ ကြောက်ကလည်း ကြောက်ရတာကိုး။ သည်တော့ နားလည်ချင်ယောင်ဆောင်ပြီး ထသွားကြလို့ ပညာရေးမှာ အများကြီး နစ်နာပါတယ်။ တပည့်တွေရဲ့ ကွန့်မြူးမယ့် အသိဥာဏ်ကို ဆရာက ရိုက်ချိုးလိုက်သလိုပါပဲ။ ဒါ့ကြောင့်လည်း ဘုန်းကြီးပညာရေးလောကမှာ ဆရာ့ထက် တော်တဲ့ တပည့်ထက် ဆရာလောက် အရည်အချင်းမရှိတဲ့ တပည့်က ပိုပြီး များနေတာကို တွေ့ရမှာပါ။ ဒါဟာ အောင်မြင်မှုလို့ မဆိုနိုင်ပါဘူး။ ဒါလေးတွေကို တွေးတောဆင်ခြင်ပြီး လက်ရှိ မိမိတို့ သွားနေတဲ့ ဘုန်းကြီးပညာရေးစနစ်ကို ဘယ်လို ပြင်ကြမလဲ ဆိုတာ အနာဂတ်လူငယ်ခေါင်းဆောင်များ သတိထားဘို့ပါ။

အရေးကြီးဆုံး နဲ့ နောက်ဆုံးအချက်က တော့ သဒ္ဓါတရားပါပဲ။ မိမိ ပြည်ပသွားခါနီး ဆရာတော်ကြီးတစ်ပါး က သြ၀ါဒပေးခဲ့ဘူးပါတယ်။ “ ဘယ်မှာနေနေ၊ ဘယ်နေရာ ရောက်ရောက် သဒ္ဓါတရားတော့ မပျောက်စေနဲ့” တဲ့။ သေချာတွေးလေ သွေးထွက်အောင်ကို မှန်လေ လို့ ဆိုရမယ့် သြ၀ါဒပါ၊ သာသနာပြုချင်စိတ် အခြေခံဟာ သဒ္ဓါတရားပါ။ အဲသည် သဒ္ဓါတရား ခမ်းခြောက်တာနဲ့ တပြိုင်နက် ဘုန်းကြီး ရဟန်းဘ၀ ရှင်သန်မှုအားလုံးဟာ ပိုးထိခံရတဲ့ သစ်ပင်လို ညိုးနွမ်းခြောက်သွေ့ပြီး၊ နောက်ဆုံး သေရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သာသနာပြုကြမယ့် အနာဂတ်မျိုးဆက်သစ်များအနေနဲ့ အခြေခံအကျဆုံး၊ အရေးကြီးဆုံးဖြစ်တဲ့ သဒ္ဓါတရား မိမိတို့ ရင်ထဲမှာ ထာဝရရှင်သန်နေကြဘို့လည်း အထူး လိုအပ်ပါတယ်။

အပြစ်မကင်းကြတဲ့ ပုထုဇဉ်လူသားတွေ နေထိုင်တဲ့ နေရာမှန်သမျှ အကောင်းတွေချည်း ရှိနေကြတာတော့ မဟုတ်ပါဘူး။ အဆိုးတွေလည်း ရှိနေကြတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ပြည်ပမှာလည်း မိမိတို့တစ်တွေ အတုမယူသင့်တာတွေ၊ ရှောက်ကြဉ်သင့်တာတွေ အပုံကြီး ရှိပါတယ်။ ဘယ်နေရာရောက်ရောက် ကောင်းတာလေးတွေယူ ကျင့်သုံးပြီး၊ မကောင်းတာ၊ မသင့်တာတွေကို ချန်ထားခဲ့ဘို့ပါ။ ဒါ့ကြောင့်လည်း မိမိ သိတာ မြင်တာ တွေးမိတာလေး တွေထဲက အချို့ကို အနှစ် ၂၀ ခရီးမှာ နောင်လာ နောင်သား မျိုးဆက်သစ်များအတွက် စကားလက်ဆောင်အဖြစ် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

အနှစ် ၂၀ မှသည် နောင်နှစ်ပေါင်းများစွာတိုင် သာသနာ့အာဇာနည် အနာဂတ်ကြယ်ပွင့်များ ထွန်းတောက် လင်းလက်ရာမြေ ဖြစ်ပါစေ။

( အလုပ်တွေများ စာရေးဘို့ ဈာန်မ၀င်တာနဲ့ မတိုင်ခင်က ရေးထားတဲ့ ဆောင်းပါးလေး ကောက်တင်လိုက်ပါတာပါ။ )