အပ္ပမာဒ (၁)
ရဟန်းသံဃာတော်များထံ သီလယူကြတဲ့အခါ အဆုံးသတ်ကြားရမယ့် စကားလုံးလေးက “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားလုံးလေးတွေပါ။ “ကောင်းမြတ်တဲ့ လုပ်ငန်းတွေမှာ မမေ့မလျော့ကြနဲ့။ သတိရှိကြပါ”လို့ ဆိုလိုတာပါ။ ကောင်းမြတ်တဲ့ လုပ်ငန်းဆိုတာ အများကြီးရှိတာမို့ အဓိပ္ပါယ်နက်နဲ ကျယ်ဝန်းပါတယ်။ အဲဒီထဲမှာ ကိုယ်တစ်တွေက ပြည်ပမှာ အခြေချနေထိုင်ကြတဲ့ မြန်မာလူမျိုး ရင်သွေးငယ်တွေနဲ့ အများဆုံး ထိတွေ့ ဆက်ဆံနေရတာဖြစ်တော့ သူတို့လေးတွေနဲ့ ပတ်သက်ပြီး ပြောစရာ သတိထားစရာလေးတွေ မြင်လာ တွေ့လာပါတယ်။
ပြည်ပရောက် မြန်မာမိသားစုများအနေနဲ့ အပ္ပမာဒ ရှိသင့်တဲ့နေရာ တစ်ခုကို ညွှန်ပြရရင် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်နဲ့ မိမိတို့ရဲ့ ရင်သွေးသားသမီးလေးများ အကြား gap ဖြစ်မသွားရေးပါပဲ။ အမရပူုရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက --
ကလေးအရွယ် လိမ္မာနှင့်ပါမှ
ကြီးရင့်က လိမ္မာမည်။
မလိမ္မာ ပြည်ထောင်စုလျှင်ဖြင့်
ကောင်းမှုမတည်။
ကလေးတို့နေပြည်
ကြည်စေဘို့ စိတ်ဇော
နံနက်မင်္ဂလာနှင့်
နေ့မကွာ ညာဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသော။
လို့ ကလေးများနှင့်စပ်လို့ မိဘ ဆရာသမားတွေကို သတိပေးထားပါတယ်။ ကောင်းတဲ့ အလေ့အထ၊ အမူအကျင့်ဆိုတာ ငယ်က စွဲ မှ တကယ်မြဲပါတယ်။ ကြီးလာလို့ သိလာတဲ့ အရွယ်မှာ ဘယ်လောက်ပဲပြင်ပေမယ့် အချိုးမပြေတတ်ပါဘူး။ ဒါ့ကြောင့် ပြည်ပရောက် မိဘများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်များကို နုနယ်တဲ့ ကလေးအရွယ်ကတည်းက ဗုဒ္ဓရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ မြန်မာလူမျိုးတို့ရဲ ချစ်စရာကောင်းတဲ့ ထုံးတမ်းစဉ်လာတွေ၊ စိတ်နေ စိတ်ထားတွေနဲ့ ထိစပ် နားလည်နေအောင် အချိန်ယူ သင်ပေးကြရမှာပါ။ မိမိတို့ရဲ့ ရင်သွေးငယ်လေးများအတွက် စားဝတ်နေရေး၊ ကျမ္မာရေး၊ ပညာရေးဟာ အရေးကြီးသလို၊ သူတို့ရဲ့ ဘာသာ သာသနာ ယဉ်ကျေးမှုဟာလည်း အရေးကြီးတယ်လို့ မိဘများအနေနဲ့ ခံယူချက်လည်း ထားရပါ့မယ်။ အဲလိုမျိုး ခံယူချက်မထားလို့ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ ဝေးကွာလွန်း စိမ်းလွန်းသွားပြီး သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲသွားတယ်၊ ရိုင်းစိုင်းသွားတယ် ဆိုရင် အဲဒီ ဆိုးကျိုးအဆက်ဆက်ကို အရင်ဆုံး ခံယူရမှာက လက်ဦးဆရာတွေဖြစ်တဲ့ မိဘတွေပါ။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင်နေကြတဲ့ မိဘတွေအဘို့ ဒီအချက်ဟာ အရေးကြီးလာနေပါပြီ။
မိဘတွေဆိုတာက များသောအားဖြင့် မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေး စတာတွေနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ကောင်း၊ အချိန်ပေးပြီး ဆုံးမပေးတဲ့ မိကောင်း ဘကောင်း ဆရာကောင်းတွေနဲ့အတူ အချိုးကျစွာ နေလာခဲ့ကြသူတွေက များပါတယ်။ ဟိုမရောက် ဒီမရောက်ဆိုတာက အနည်းစုပါ။ ဒါ့ကြောင့်လည်း ပြည်ပရောက်လေ ကိုယ်ယဉ်ကျေးမှု ကိုယ့်ဘာသာ သာသနာကို ပိုပြီးတန်ဘိုးထားလေပါပဲ။ ပြည်ပမှာ မွေးဖွားတဲ့ကလေးတွေ နဲ့ နုနယ်တဲ့ အရွယ်ကတည်းက ရောက်လာတဲ့ ကလေးတွေအဖို့မှာတော့ သက်ဆိုင်ရာနိုင်ငံက ကာလာမျိုးစုံယဉ်ကျေးမှုတွေနဲ့ အများဆုံး ထိတွေဆက်ဆံရတာမို့ အခြေအနေချင်းက မတူပါဘူး။ မိဘဖြစ်သူက ကိုယ့်သား သမီးလေးတွေကို ကိုယ့်ဘာသာ ယဉ်ကျေးမှုကို သွန်သင် ပြသ ဆုံးမလိုစိတ်ရှိတောင်မှ နိုင်ငံခြားမှာဆိုတာ အချိန်မပေးနိုင်တော့ပါဘူး။ ကိုယ်က ပေးနိုင်အုံးတောင်မှ ကလေးတွေက အချိန်မပေးနိုင်ပါဘူး။ သူတို့ခမျာမှာလည်း အတန်းကြီးလာတာနဲ့အမျှ လေ့လာသင်ကြားရတဲ့ ကျောင်းသင်္ခန်းစာတွေက များလာတာကိုး။
ဒီနေရာမှာ မိဘများကိုယ်တိုင်က ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဘာသာရေ့းကို ကောင်းကောင်းနားလည် ထားဘို့ လိုအပ်သလို ၊ တန်ဘိုးထားတတ်ဘို့လည်း အထူးလိုအပ်ပါတယ်။ တစ်ချို့သောမိဘတွေဆိုရင် ကိုယ်တိုင်စီးဆင်းလာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု မြစ်ကို ပစ်ပယ်ပီး ကိုယ့်သား သမီးကို ဘိုလိုပြောမှ ဘိုလိုနေမှ အဆင့်မြင့်တယ်လို့ ထင်တတ်ပါတယ်။ အားပေး အားမြှောက်လည်း လုပ်တတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ယဉ်ကျေးတဲ့ အပြုအမူအပေါ် မူတည်တာပါ။ လူကြီး လူကောင်းဆိုတာ spiritual level နဲ့ သတ်မှတ်တာပါ။ ဘာသာစကားတို့၊ အပေါ်ယံ ရုပ်ဝတ္ထုတို့နဲ့ မှတ်ကျောက်တင်လို့ မရပါဘူး။ မြင့်မြတ်တဲ့ လူတစ်ယောက်၊ ယဉ်ကျေးတဲ့ လူတစ်ယောက်ဖြစ်အောင် စိတ်ကို ယဉ်ကျေးအောင်ဆုံးမနည်း၊ ကိုယ်အမူအယာ နုတ်အမူအရာ ယဉ်ကျေးအောင် နေနည်း ထိုင်နည်းဆိုတာတွေဟာ မိမိတို့ ဗုဒ္ဓဘာသာမှာ အပြည့်အစုံ ရှိပြီးသားပါ။ ဘုရားဟောရော ရှေးပညာရှင်တွေရဲ့ ဆုံးမ စကားတွေပါ လိုက်နာ ကျင့်သုံးလို့ မကုန်နိုင်ပါဘူး။ ပြောရရင် ၃၈ ဖြာ မင်္ဂလာကျင့်စဉ်နဲ့တင် အားလုံး ခြုံငုံမိပါတယ်။ ကိုယ်က သိအောင်လုပ်ပြီး လိုက်နာကျင့်သုံးကြည့်ကြဘို့ပဲ လိုနေတာပါ။
အတွေးအခေါ် လွဲမှားတဲ့ အချို့မိဘတွေကြောင့် မြန်မာလူမျိုးစစ်စစ်က မွေးတဲ့ မြန်မာ ကလေးများဖြစ်ပါလျက် မြန်မာလို နေ့ (ရ) နေ့ တို့၊ လ ၁၂ လတို့ကို မရေတတ်တော့ပါဘူး။ ဘုရားဆွမ်းတော်တင်တဲ့ ဆွမ်းကို ငှက်လား လို့ မေးတဲ့ ကလေးတောင် ရှိပါတယ်။ သူတို့လုပ်ပုံနဲ့ ဘုရားရှင်ကိုတောင်မှ ငှက် ကပ်ရမည့်ကိန်းပါ။ swan ဆိုတဲ့ အင်္ဂလိပ် စကားလုံးနဲ့ ရောထွေးသွားပုံပေါ်ပါတယ်။ အင်္ဂလိပ်အဘိဓာန်မှာကလည်း A swan is a large bird လို့ ဖွင့်ထားတာကိုး။ ပိုဆိုးတာက ဘာသာရေး အခြေခံ ဖြစ်တဲ့ သြကာသကန်တော့ချိုးတို့၊ ငါးပါးသီလ ဆောက်တည်တာတို့တောင် မရတော့တဲ့ ကလေးတွေအများကြီးပါ။ ကလေးတွေဆိုပေမယ့် အချို့သောလူကြီးတွေလည်း မရပါဘူး။ ဝေယျာဝစ္စကုသိုလ် ဆိုတာလည်း နားမလည်ကြရှာတော့ ဘုန်းကြီးကျောင်းလာပြီး ကိုယ်စားပြီးသား ပုဂံတောင်မှ ဆေးမသွားတဲ့ သူတွေလည်း မကြာခဏ တွေ့နေရပါပြီ။
မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးလေးတွေကို တလွဲ အလိုမလိုက်မိဘို့ အရေးကြီးပါတယ်။ အင်တာနေရှင်နယ်လို့ ပြောပြောနေကြပေမယ့် လူသားတွေဟာ တကယ်တော့ နေရှင်နယ်ဘောင်ထဲမှာပဲ ပျော်မွေ့နေကြတာပါ။ မြန်မာလူမျိုးတွေအနေနဲ့ ပြည်ပမှာ အတုယူစရာတွေရှိသလို အတု မယူစရာတွေလည်း အများကြီးရှိတယ်ဆိုတာ သတိပြုရမှာပါ။ ရလိုက်တာတွေ ရှိသလို ကိုယ်က ပေးလိုက် ရတာတွေလည်း အများကြီးပါ။ ရလိုက်တာတွေကိုသာ ကြည့်ပြီး သရေကျနေလို့ မဖြစ်ပါဘူး။ မြန်မာစာနဲ့ အလေ့အကျင့် မရှိတော့လို့ ကကြီး ခခွေး မရေးတတ်တာ မဆန်းပါဘူး။ ဘာသာရေးအခြေခံဖြစ်တဲ့ သြကာသကန်တော့ချိုး၊ ငါးပါးသီလ ခံယူပုံ၊ စတဲ့ ဘာသာရေး အခြေခံလေးတွေကိုတော့ မိဘများက နုတ်တိုက် သင်ကြားပေးလို့ရပါတယ်။ မိဘကျေးဇူး ဆရားသမားကျေးဇူး စတဲ့ သဘောတရားတွေကို သူတို့နားလည် သဘောပေါက်အောင် ပြောဆိုပေးလို့လည်း ရပါတယ်။ ဒါဟာ မိဘတွေအဘို့ ပိုက်ဆံကို အချိန်ပေးရှာသလိုမျိုး မိမိတို့ရဲ့ ရင်သွေးလေးတွေအတွက် အချိန်ပေးလုပ်ရမယ့် သတိထားဖွယ် အရေးကြီး လုပ်ငန်းတစ်ခုပါ။
အိုးမှာ တံဆိပ်ခတ်နှိပ်ရင် အဲဒီအိုးကို မဖုတ်ခင် ပျော့နေတုန်းအခိုက်မှာ ခတ်နှိပ်မှ ထင်ပါတယ်။ ထိုအတူ ဘာသာ သာသနာတံဆိပ်ဆိုတာကလည်း ကလေးတွေရဲ့ နှလုံးသား နုနယ်စဉ်မှာ ခတ်နှိပ်မှ အရာ ထင်မှာပါ။ အခုဆိုရင် မိဘကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်တဲ့ ကလေးတွေ၊ ရတနာသုံးပါးဆိုတာ ဘယ်နေရာထားရမှန်းမသိတဲ့ မိစ္ဆာဒိဋ္ဌိဆန်ဆန် မြန်မာကလေးတွေကို မကြာခဏ တွေ့မြင်နေရပါပြီ။ အဲလိုမျိုးကလေးတွေရဲ့ မိဘ ဖြစ်ရသူတွေ အနာဂတ်ဟာ ရင်လေးစရာပါ။ တစ်ချို့မိဘတွေဆိုရင် သား သမီးများ အရွယ်ရောက်လာခါမှ ဒီလိုမျိုး ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အင်မတန်မှ စိတ်ဆင်းရဲကြပါတယ်။ ပြုပြင်ပေးမယ်ဆိုတော့ ကလေးတွေက ဆေးလွန်လူနာလို အကုခက်သွားပါပြီ။ အဲလို ပြဿနာတွေကို ရှောင်ရှား ကျော်လွှားဘို့ နည်းလမ်းကတော့ မိမိတို့ရဲ့ ရင်သွေးလေးတွေကို ငယ်ရွယ်စဉ်ကလေးဘ၀ ကတည်းက မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ အခြေခံတရားတော်တွေကို မိမိတို့ကိုယ်တိုင် အချိန်ပေးသင်ပေးခြင်းဖြင့်လည်းကောင်း။ နီးစပ်ရာ ဘုန်းတော်ကြီးများ သင်ကြားပေးတဲ့ Sunday school dhamma class များကို ပို့ပေးခြင်းဖြင့်လည်းကောင်း ကျော်လွှားကြရမှာပါ။ လက်တွေ့ကျ ပြီး ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကတော့ မိမိတို့ရဲ့ သားလေးတွေ သမီလေးတွေကို ကျောင်းပိတ်တဲ့ရက်တွေမှာ ရှင်သာမဏေ၀တ်ပေးခြင်း၊ သီလရှင် ၀တ်ပေးခြင်းပါပဲ။ အဲဒီအစီအစဉ်ဟာ မိမိတို့ရင်သွေးများ ဘာသာ သာသနာနဲ့ အနီးကပ် ထိစပ်ခွင့်ရသလို ဘုန်းတော်ကြီးများ အနေနဲ့လည်း ကလေးတွေကို လိုအပ်တဲ့ ဘာသာရေး အခြေခံလေးတွေကို သင်ကြားပေးဘို့ အချိန်ပိုပြီး ရပါတယ်။ အနည်းဆုံး တစ်ပတ်ဆိုရင် လုံလောက်တဲ့ အချိန်ကာလ တစ်ခုလို့ ဆိုရပါမယ်။
ကနဦး ကလေးတွေကို စည်းရုံးရာမှာ အခက်အခဲ အနည်းငယ် ရှိပေမယ့် လိမ္မာယဉ်ကျေးသွားလို့ တန်ဘိုးထားတတ်လာရင် နောင် မိမိတို့ တိုက်တွန်းစရာတောင် မလိုပါဘူး။ မိဘတွေအဘို့လည်း တန်ဘိုးမဖြတ်နိုင်တဲ့ ဆုလဒ်တစ်ခုကို ရလိုက်တာပါ။ ပညာရေးဟာ ကလေးအတွက်အရေး ကြီးသလို ဘာသာရေးဟာလည်း ပိုပြီးအရေးကြီးတယ်ဆိုတာ မိဘများက သဘောပေါက်နားလည်ထားဘို့ လိုပါတယ်။ ပညာရေးဟာ အလွန်ဆုံး အသုံးကျ တစ်ဘ၀စာအတွက်ပါ။ ဘာသာရေးဟာ ဘ၀များစွာ သံသရာအဆက်ဆက်ထိ အသုံးကျတယ်။ အရေးပါပါတယ်။ မိဘများအနေနဲ့ ဘယ်ဟာကို ရွေးချယ်မလဲ ဆိုတာ အရွေးအချယ် မှန်ကန်ဘို့ပါ။ ဒီလိုမှ မလုပ်ခဲ့ရင် မိမိတို့ရဲ့အနာဂတ်ကော ကလေးတွေရဲ့အနာဂတ်ပါ အင်မတန်ရင်လေး စရာပါ။ မိမိတို့ သတိလက်လွတ်နေခဲ့မိတဲ့ ဆိုးကျိုးကို အရင်ဆုံးမိမိတို့ မိဘတွေကိုယ်တိုင်ခံစားကြရမှာပါ။ ဆောင်းပါးတစ်ပုဒ်မှာ သတိထားဖတ်လိုက်ဘူးပါတယ်။ နိုင်ငံတော် အခမ်းအနားတစ်ခုမှာ စင်င်္ကာပူနိုင်ငံတော်သီချင်းကို စိတ်ရှိလက်ရှိ အားရပါးရဆိုနေတဲ့ သားဖြစ်သူကို ကြည့်နေရင်း မြန်မာမိခင်တစ်ဦးဟာ တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ် ဆိုတာပါပဲ။ မိမိတို့တစ်တွေ မသိမသာရော သိသိသာသာပါ တဖြေးဖြေးနဲ့ ဆုံးရှုံးနေကြပြီဆိုတာ သတိမူသင့်ဘို့ကောင်းပါပြီ။ ဒါကြောင့် မိမိတို့ရဲ့ ရင်သွေးလေးတွေကို ဘာသာ သာသနာ ယဉ်ကျေးမှုနဲ့ လက်ပွန်းတတီး နီးကပ် ထိစပ်နေအောင် မမေ့မလျော့သော အပ္ပမာဒတရားဖြင့်နေထိုင် လုပ်ဆောင်ကြဘို့ အင်မတန်မှ အရေးကြီးနေပြီဖြစ်ကြောင်း သတိပေး တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။