အပိုင်း (၁)
ဇာတ်လမ်းက နွားပျောက်ရှာရင်းက စတာ။ ကျုပ်က သာဝတ္ထိမြို့နားက သာဝတ္ထိသား လို့ပဲ ဆိုပါတော့။ ဘ၀ပေးအခြေအနေအရ ခင်ဗျားတို့ ၂၁ ရာစုရွာက လူတွေလို ကွန်ပြူတာ အင်တာနက်တွေနဲ့ လုပ်ကိုင် စားသောက်နေရတာတော့ မဟုတ်ဘူး။ နွားနဲ့ လုပ်စားရတာ။ အဲဒီတော့ ကျုပ်တို့လို လယ်သမားတွေအဘို့မှာတော့ နွားဟာ မရှိမဖြစ် အရေးကြီးသကိုး။ တောသားမို့ အင်တာနေရှင်နယ်တွေ ဘာတွေ နားမလည်ပါဘူး။ နို့ပေမယ့် ခင်ဗျားတို့ ကွန်ပြူတာထဲက မျှားလေးကို ကောင်းကောင်း အမိန့်ပေးခိုင်းသလိုမျိုး ကျုပ်လည်း ကျုပ်နွားတွေကို လက်ထဲက နှင်တံနဲ့ ကိုယ်လိုချင်တဲ့ ဒရိုက်ရှင်ကို ရောက်အောင် ကောင်းကောင်း အမိန့်ပေးနိုင်တယ်ဗျ။ လူဆိုတာ ကျွမ်းကျင်ရာ လိမ္မာကြတာပဲလေ။ ကျုပ်လက်ထဲက နှင်တံကတော့ ခင်ဗျားတို့သုံးနေတဲ့ မောက်စ်ဆိုလား ကြွက်ဆိုလား။ ထားပါတော့ဗျာ။ အဲ လိုတော့ ဘယ်နူးညံ့ပါ့မလဲ။ ခပ်ကြမ်းကြမ်းပဲ။ ကြမ်းတာပဲ ကောင်းပါတယ်။ တိရစ္ဆာန် ထိန်းကျောင်းတဲ့ပစ္စည်းတစ်ခုပဲ နူးညံ့နေဘို့မှ မလိုတာ။ ကျုပ်လေကြောရှည်နေတာနဲ့ အစပျောက်သွားပြီ။ လိုရင်းမရောက်တော့ဘူး။ ဆောရီးဗျာ၊ လောလောဆယ် လေရှည်တတ်တဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းနေရလို့ ကိုယ်လည်း ဓာတ်ကူး အကျင့်ပါနေတာ။
တစ်နေကုန်ရှာလိုက်ရတဲ့ နွားတွေ ညနေစောင်းမှပဲ တွေ့တော့တယ်။ စိတ်ဒုံးဒုံးချလိုက်တော့မှ အစာအိမ် ရဲ့ ဆန္ဒပြသံကို သတိထားမိတယ်။ ဟုတ်သားပဲ ဒီနေ့ နွားဇောနဲ့ တစ်နေကုန်ဘာမှ မစားရသေးပါလား။ ဗိုက်ဆာတဲ့ဝေဒနာက တယ်ဆိုးသကိုး။ ဒါ့ကြောင့်လည်း ဘုရားက ရောဂါထဲမှာ ဆာလောင်ခြင်းရောဂါ ဟာ အဆိုးဆုံးလို့ ဟောတာကိုး။ ကျုပ်လည်း ဒုက္ခရောက်တော့မှပဲ ဘုရားတရားတွေ ဘာတွေ သတိရနေတော့တယ်။ ချမ်းသာတဲ့ အချိန် အဆင်ပြေနေတဲ့အချိန်မှာဆိုရင်တော့ ဘာသိဘာသာပါပဲ။ ဒုက္ခရောက်ခါမှ ရတနာသုံးပါးတို့ ဘုန်းကြီးကျောင်းတို့ကို သတိရမိတော့ ကိုယ့်လိပ်ပြာကို သိပ်မလုံဘူးဗျ။ ထုတ်သာ မပြောကြတာ ကိုယ်လိုလူတွေလည်း အများကြီးရှိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဗျ။ ခုလည်း ကြည့် ကျုပ်ဗိုက်ဆာလို့ ဘုန်းကြီးကျောင်းကို သတိရနေတယ်။ မနေနိုင်တော့ဘူးဗျို့။ အရှင်တွေရဲ့ စားကြွင်း စားကျန်လေးမှ မီလိုမီငြား ကျုပ်သုတ်ခြေတင် ပြေးရပြီပေါ့။ ကျုပ်ကံကောင်းပါတယ်။ အရှင်မြတ်တွေရဲ့ မေတ္တာ စေတနာ ကြီးမားစွာနဲ့ စွန့်ကြဲလိုက်တဲ့ စားသောက်ဖွယ်ရာတွေကြောင့် ကျုပ်ရဲ့ ဆာလောင်မှုတွေ သက်သာခွင့်ရခဲ့ပါတယ်။ စားစရာ တယ်ပေါတဲ့ ကျောင်းကိုးဗျ။ ဘုန်းကြီးကျောင်းက ထမင်း ဟင်းတွေ စားပြီး ဒီအတိုင်းကြီးထပြန်လို့ကလည်း မဖြစ်သေးဘူးလေဗျာ။ ဒါနဲ့ ကျုပ်လည်း လက်ဆေးကြော သုတ်သင်ပြီး ဘုန်းကြီးနဲ့ အလ္လာပ သလ္လာပ စကားစမြည် ပြောရတော့တာပေါ့။
“ ကိုယ်တော်တို့ ဒီနေ့ အလှူအတန်း အပင့်အဖိတ်တွေများ ရှိသလားဘုရား၊ စားသောက်ဖွယ်တွေ ပေါနေလို့ ဘုရား”
“ မရှိပါဘူး ဒကာကြီး၊ ဒါ ပုံမှန်ပါပဲ”
ကိုယ်တော်ရဲ့ အဖြေစကားက ကျုပ်ကို အတွေးပွါးစေတယ်။ “ ကျုပ်ဗျာ နေ၀င်မိုးချုပ် အလုပ်နဲ့လက်နဲ့မပြတ် လုပ်တာတောင်မှ ဒီလို စားစရာမျိုး ပုံမှန် မပြောနဲ့၊ ဒါ့ထက် ဆယ်ပုံတစ်ပုံတောင် ကောင်းတာ မစားရပါဘူး၊ ခု ကိုယ်တော်တွေက ဒါလောက်ကောင်းတာတောင် ပုံမှန်ပါပဲ တဲ့။ ကြားဖြတ်ပြီး ကျုပ်စရိုက်ကို ပြောရအုံးမယ်။ ကျုပ်က စိတ်သွားကိုယ်ပါ စိတ်မြန် လက်မြန်သမား။ ဒီတော့ လူမလုပ်တော့ဘူး။ ငါလည်း ဘုန်းကြီးပဲ ၀တ်တော့မယ်ဆိုပြီး ချက်ချင်းမြန်မြန်ပဲဆုံးဖြစ်လိုက်တယ်။ သူများတွေလို အိမ်က မိန်းမ တိုင်ပင်တာမျိုးတွေ ဘာတွေ မလုပ်တော့ပါဘူး။ ဘုန်းကြီးဝတ်ဘို့ ကိုယ်တော်တွေကို လျှောက်ထားတော့ “ အေး ကောင်းတာပေါ့” ဆိုပြိး လွယ်လွယ်ကူကူပဲ ၀တ်ပေးလိုက်တာပါပဲ။ ခင်ဗျားတို့လို PRတွေ စီတီဇင်တွေ လျှောက်သလိုမျိုး ဒေါ့ကျူမန့် ဆိုလား ဘာလား အဲဒါမျိုးတွေ ရှုပ်ပွနေအောင် မလိုပါဘူး။ ကျုပ်က တောသားဆိုတော့ ဒေါ့ကျုမန့် တွေ ဘာတွေလည့်း မသိပါဘူး။ ရွာတောင်ပိုင်းက ငွေတိုးပေးစားတဲ့ ဒေါ်ကြူမြင့် ဆိုတဲ့ အာကြမ်းလျှာကြမ်း မိန်းမကြီးလောက် သိတာပါ။
ပီအာတွေ စီတီဇင်တွေ ပြောနေလို့ ကျုပ်ကို စွတ်အထင်ကြီးမနေနဲ့အုံး။ ဟိုဘက် ၂၁ရာစု ရွာက (သူတို့အိမ်က ဒန်အိုးအဖုံးတွေ သူခိုး အခိုးခံရတဲ့နေ့မှာ မွေးလို့ မှည့်ထားတဲ့) မော်ဒန်ဆိုတဲ့ စလုံးပြန် ကောင်လေးတစ်ယောက် သူ့ရွာသားတွေကို ကြွားပြောနေတာကို ကျုပ်ကြားဘူးထားလို့ မှတ်ထားတာ။ သူ့ရဲ့ ကြွားလုံးတွေအောက်မှာ ၂၁ ရာစုရွာက လူငယ်တွေ ပြားပြားဝပ်နေတာကို ကြည့်ပြီး ကျုပ်တောင် သူ့ကို အားကျချင်ချင်ပဲ။ သူက ၂၁ရာစုရွာက အထူးထွင်ထားတဲ့ ဘာသာစကားတွေ ကြားညှပ်ပြီး ခဏခဏ ပြောတာကိုးဗျ။ လူတွေကလည်း နားလည် မလည်တော့ မသိဘူး။ အဲဒါလေးတွေပါတာကိုပဲ အထင်တကြီး သဘောကျနေတာကလား။ ကျုပ်တော့ ၂ လုံး သုံးလုံးလောက်ပဲ သေချာမှတ်ခဲ့တယ်။ ကျန်တာတွေကတော့ ခိုးကျင့်သေးတယ်၊ လျှာခလုတ်တိုက်လွန်းတာနဲ့ လက်လျော့လိုက်ရတယ်။ အဲဒီဘက်မှာ ကျုပ်ကိုက ပါရမီနည်းလွန်းပါတယ်။ ကျုပ်လည်း ကျုပ်တတ်တာလေးနဲ့ ရွာမှာဆရာကြီး လုပ်ရသေးတာကိုး။ ၂ လုံးတတ်လည်း နည်းတာမှတ်လို့။ ဟိုတစ်နေ့ကတောင်မှ ရွာက ဘဲဥမ ဆိုတဲ့ ကောင်မလေးကို ဆရာကြီးလုပ်လိုက်သေးတယ်။ ကျုပ်တို့ရွာတောင်ပိုင်းက ၀က်မွေးတဲ့ ကိုတရုတ်ကြီးက လူမြင်တိုင်း နီဟောင် နိဟောင်နဲ့ သိပ်ပြောတာပဲ။ မြို့က လူစိမ်းသူစိမ်းတွေ ဧည့်သည်တွေများလာရင် ပိုဆိုးသေး။ ၀က်သားစားလွန်းတဲ့သူတွေ ထွင်ထားတဲ့ ၀က်ဘာသာစကားဆိုလားပဲ။ ကြားဘူးတာပါ။ ဒါနဲ့ ဘဲဥမ လေ ဘာမသိ ညာမသိနဲ့ ကျုပ်ကိုလာမေးတယ်။ ဟိုရွာတောင်ပိုင်းက ကိုတရုတ်ကြီးက ဧည့်သည်တွေလာရင် ဘာလို့ ခနခန ခွေးနဲ့ရှုးတိုက်ရတာလဲတဲ့။ အာ ကျုပ်တောင်ကြောင်သွားတယ်။ ဘာဖြစ်လို့လဲ ဟ ဆိုတော့။ သူက နိဟောင် နိဟောင် နဲ့ ခွေးနီမ ကို ခနခန ဟောင်ခိုင်းနေလို့တဲ့။ ကျုပ်မှာ ငိုရခက် ရယ်ရခက်။ နိဟောင် ဆိုတာ ခွေးနီမ ကို ဟောင်ခိုင်းတာ မဟုတ်ဘူး။ ၀က်ဘာသာ စကားအရ နေကောင်းလား လို့ မေးတာဟ လို့ ကျုပ်လည်း သိတာလေးတစ်လုံးနဲံ့ ဘဲဥမကို ခပ်တည်တည်ပဲ ဆရာကြီး လုပ်ပစ်လိုက်တယ်။ ကြွားပြောရရင် ကျုပ်ကလည်း အဲဒီတစ်လုံး သိတာ။ ဒါပေမယ့် ဘဲဥမ က ကျုပ်ကို တော်လှ တတ်လှ ချေလားဆိုတဲ့ မျက်လုံးတွေနဲ့ အထင်တကြီးကြည့်နေချက်ကတော့ ဟိုဘက် ၂၁ရာစုရွာက မော်ဒန်ဆိုတဲ့ကောင်သာ မြင်ရရင် မနာလို ဖြစ်အုံးမယ်။ ကျုပ်စကားတွေက ဘယ်ရောက်ကုန်မှန်းတောင် မသိပါဘူး။ သည်းခံကြပါဗျာ။ ( ဆေးမသောက်ရသေးလို့ ) ။
0 comments:
Post a Comment