ပုံပြင်ဟု ဆိုရသော်ငြား တကယ့်အဖြစ်အပျက်တစ်ခုပါ။ ဘယ်ဘ၀က ၀ဋ်ကြွေးဟု ဆိုရမည် မသိ။ မိသားစုမောင်နှမ အားလုံး တစ်ယောက်တစ်နေရာစီ နေခဲ့ကြရတာ လူလားမြောက်သည့်အရွယ်မှသည် ယနေ့ထိတိုင်။ သူကိုယ်တိုင်လည်း မောင်နှမ အချင်းချင်း၏ နွေးထွေးမှု ကြင်နာ စောင့်ရှောက်မှုဆိုတာမျိုး တစ်ခါမှ မခံစားခဲ့ဘူးခဲ့။ နှစ်ပေါင်းများစွာ အနေဝေးကွာခဲ့ခြင်းက အကြောင်းဆုံလို့ မိသားစုအချင်းချင်း ရှားရှားပါးပါး တွေဆုံကြသည့်တိုင်အောင် ရင်ထဲက သံယောဇဉ် မေတ္တာကို ထုတ်ဖော်ပြဘို့ရန် အန်းတန်းတန်း မ၀ံ့မရဲ ဖြစ်ကြရသည်အထိ ထုထည်ကြီးမားစွာဖြင့် ကာဆီးပိတ်ဆို့ပြီးသား ဖြစ်နေတော့၏။ သည်လိုဆိုတော့လည်း သူစိမ်းတွေလို တွေဆုံကြပြီး သူစိမ်းတွေလိုပဲ ခွဲခွါခဲ့ရတာ အကြိမ်ကြိမ် အခါခါ။ စာအုပ်တွေကို ဖတ်ရင်း ပျော်ရွှင်စရာကောင်းသော မောင်နှမမိသားစု ဘ၀လေးတွေကို ကြည့်ရင်းဖြင့်သာ “အော် ဒီလိုနေမှာပဲ” ဟု မကြေလည်သော ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ရင်း ကျေနပ်ခဲ့ရလေသည်။ ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာ ဆိုတဲ့ ဒဿနတစ်ခုက သူစိမ်းတွေကြားမှာ နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့ရသည့် သူ့ရင်ထဲ သတိမထားမိခင်ကပင် ခေါက်ရိုးကျိုးနေတော့၏။ ပတ်ဝန်းကျင်၏ စကားအရ အမေက သမီးထက် သားနှစ်ယောက်ကို ပို အဖြစ်သည်း၏ တဲ့။ ညီမလေး ကတော့ သားချင်းတူတာတောင်မှ အကြီးဖြစ်တဲ့ သူ့ကို ပို၏ တဲ့။ သူတို့စကားကို ဘာမှ သူ မတုံ့ပြန်ခဲ့ပါ။ မိဘမေတ္တာဟူသည် သား သမီးတိုင်းအပေါ် ကြီးမားပြီးသားဆိုတာ လက်တွေ့မကျသော်လည်း မိမိသင်ကြားခဲ့ဘူးသော စာပေများမှ တဆင့် နားလည်ထားပြီးဖြစ်သော သူ့အဘို့ ဘာမှတ်ချက်မှ မပေးခြင်းဖြင့် သူ၏ ရင့်ကျက်မှုကို ပြခဲ့၏။ (ရင့်ကျက်ချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်ပါသည်။)
အမေနှင့်ခွဲခွါပီး ဆယ်စုနှစ်တစ်ခုအတွင်း မန်းမြို့တော်၏ ပညာရေးလောက အပြိုင်အဆိုင်တွေ အကြားမှာ ကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀က အမေ့ကို သတိရဘို့ မေ့နေခဲ့၏။ စိတ်လိုလက်ရ သတိရလျှင်တောင်မှ ကြာရှည်စွာ သတိရဘို့ အခွင့်မသာခဲ့။ ခက်ခဲနက်နဲစွာ ကျက်မှတ်ရတဲ့ စာတွေ၊ လေ့ကျင့်ခန်း စာမေးပွဲမှာ အဆင့်ကျသွားရင် ရင်ဆိုင်ရမယ့် သူငယ်ချင်းများရဲ့ အထင်သေးမျက်လုံးတွေ၊ စာတော်သူကိုမှ နေရာပေးချင်တဲ့ ဆရာရဲ့ စကားလုံးမဲ့ မျက်ဝန်းတွေက အမေအတွက် သတိရစိတ်တွေကို တစ်စစီ ခြေမွပစ်လိုက်သလိုပင်။ သည်တော့လည်း စာအုပ်ပုံထဲမှာ ခေါင်းဆိုက်ရင်း အချိန်တွေ ကုန်လိုက်တာ သူများတွေ ကျောင်းပိတ်လို့ ကိုယ့်ရပ် ကိုယ့်ဒေသ ပြန်သွားကြတာတောင်မှ ကိုယ်က အမေ့ဆီ မရောက်ဖြစ်ခဲ့တော့။ ဒီလိုနဲ့ ပညာရေးလူလားမြောက်သည့်အခါမှပင် အမေ့ဆီသို့ ပြန်ဖြစ်၏။ အမေ ခမျာ စာမတတ်ပါ။ သို့သော် သူသား ပညာတတ်ကြီးတစ်ယောက် ဖြစ်နေပြီဆိုသည့် ပတ်ဝန်းကျင်၏ စကားတစ်ခွန်းတည်းနှင့်ပင် အမေ့မျက်နှာ ၀မ်းသာဂုဏ်ယူမဆုံး။ နှစ်ပေါင်းများစွာ စာလေးတစ်စောင်တောင် ရေးဖော်မရတဲ့ သားတစ်ယောက်အတွက် အပြစ်တင်စကားတို့အစား အမေ ကျေနပ်ပါတယ် ဆိုတဲ့စကားက အစားထိုးခဲ့၏။ ဘ၀ ဆိုတာ ပညာရေးတစ်ခုတည်းမဟုတ်၊ လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ တာဝန် ၀တ္တရား၊ လူပီသမှု၊ မေတ္တာ စေတနာ၊ ကိုယ်ချင်းစာစိတ် စသည့် အမည်မတပ်နိုင်သည့် အရာတွေ အချိုးကျ ပေါင်းစပ်ထားသည့် အရာတစ်ခု ဟု နားလည် သဘောပေါက်သည့်နေ့မှ စ၍ သူ တစ်နှစ်တစ်ခေါက်တော့ အမေ့ဆီ ပြန်ဖြစ်၏။
သားကြီးဖြစ်တဲ့ သူ့ကိုတွေရပြန်တော့လည်း သားငယ် အကြောင်းကို တဖွဖွမေးရှာ ပြောရှာသည်မို့ မိဘတိုင်း သားသမီးတိုင်းအပေါ်ထားသည့် မေတ္တာတရားကား အတူတူပဲဆိုတာ ပိုနားလည်သဘောပေါက်မိ၏။ ထိုအခါမှစ၍ အမေ စိတ်ချမ်းသာစေဘို့ အစီအစဉ်လေးတစ်ခုကို သူ ဖန်းတီးရတော့၏။ ထိုအစီအစဉ်လေးကား တစ်နှစ်တစ်ခါ ညီအကို ၂ယောက်စလုံး အမေ့ကို တပြိုင်နက်တွေ့ကြဖို့ အစီအစဉ်ပင်။ နွေကျောင်းပိတ်ရက်ရောက်တိုင်း ဖုန်းဖြင့် အချိန်းအချက်ပြုကာ ညီအကို ၂ယောက် အမေ့ထံသို့ တချိန်တည်း ပြန်ခဲ့ကြ၏။ မိမိက မန်း မှ။ ညီက ရန်ကုန်မှ။ ကားထွက်ခွါသည့်နေ့ အချိန်ကား တစ်နေ့တည်း တစ်ချိန်တည်း။ ဆုံမှတ်ကား အမေရှိသော မြို့ငယ်လေးဆီသို့။ ပုံမှန်အားဖြင့် သူစီးလာသည့်ကား မြို့ငယ်လေးသို့ဆိုက်ရောက်ပြီး နောက် တစ်နာရီအတွင်းမှာပင် ညီ စီးလာသည့် ကားလည်း ဆိုက်ရောက်လာလေ့ရှိတတ်သည်။ ထိုအချိန်တွင် အဝေးမှာနေရသော သား ၂ ယောက်လုံးကို တပြိုင်နက် တွေ့ရသဖြင့် ၀မ်းသာကြည်နူးနေသည့် အမေ့မျက်နှာကား သူ့အဘို့တော့ ကမ္ဘာကျော် ပန်းချီကားတစ်ချပ်လို။ အမေ့စိတ်ချမ်းသာမှုကလွဲပြီး ဘာမှ မပေးနိုင်တဲ့ သူ့အဘို့တော့ ထိုသို့စီစဉ်ပေးရတာကိုပင် ကျေနပ်စရာပင်။ စက္ကန့် မိနစ်နှင့်အမျှ ပြောင်းလဲတိုးတက်ခြင်းနိယာမဆီသို့ ဦးတည်ရွေ့လျားနေသော ယနေ့ကမ္ဘာကြီးနှင့် အတူ သူသည်လည်း အမေနှင့်ပိုဝေးရာ ရေခြား မြေခြားသို့ ပညာသင်သွားခဲ့ရ၏။
နှစ်အနည်းငယ်အကြာ သူပြန်လာတော့ မမြင်ရတာကြာပြီဖြစ်သော အမေ့အိမ် အမေ့ပတ်ဝန်းကျင်သည်လည်း တိုးတက်လာသည့် ကမ္ဘာကြီးနှင့်အတူ ဟာမိုနီကျကျ ပြောင်းလဲခဲ့လေသည်။ သို့သော် အမေ့အိမ်ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကို မြင်ရတော့ သူစိတ်မကောင်း။ ဘုရားသံ တရားသံ ကြေးစည်သံတို့ဖြင့် ကျက်သရေရှိနေသော အမေ့အိမ်ကလေးနဲ့ ကပ်လျက်ခြေရင်းအိမ်က အရက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီပဲ။ အရက်ဆိုင်၏ သင်္ကေတဖြစ်သော ပုလင်းသံ ဖန်ခွက်သံ ဆဲသံ ဆိုသံ အော်ဟစ်သံတို့ကား ဆူညံလျက်။ “ အမေ ….ဒီလို ဆူညံသံတွေကြားထဲမှာ ဘုရား တရားအလုပ် လုပ်ရတာ အဆင်မှ ပြေရဲ့လား” ဟု သူ မေးသည့်အခါမှာတော့ “ အင်း…ကြာတော့လည်း ရိုးသွားတာပါပဲ။ တစ်ခါတစ်ခါ အဲဒီဘက်က အသံတွေ မကြားရရင်တောင် အိပ်ယာထဲကနေ အိပ်ရတာ တစ်ခုခု လိုနေသလိုပဲ။ သူတို့ ပြောတာတွေက တစ်ခါတစ်ခါ ရယ်ရတယ် သားရဲ့။ အငြိမ့်သွားကြည့်စရာတောင်မလိုဘူး” တဲ့။ စာမတတ်ပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းတွေ ဆိုရှယ်တွေ မကြားဘူးပေမယ့် သူ့ပတ်ဝန်းကျင်နှင့် သူ စည်းဝါးတကျ သဟဇာတဖြစ်အောင် နေထိုင်ရမည့် အတတ်ပညာကိုတော့ အမေ ကောင်းကောင်းတတ်နေပြီဘဲ။ အမေက အဲဒီအရက်ဆိုင်ပိုင်ရှင်အကြောင်း တခုတ်တရ သူ့ကို ပြောပြ၏။
“ အဘွားကြီးက သနားစရာ။ သားတို့လည်း သိမှာပါ။ ဒေါ်…..တဲ့။ အမေ့ထက် အသက်ကြီးပါတယ်။ သား သမီးတွေ မလိမ္မာတော့ သူတစ်ဝမ်း တစ်ခါးကို အရက်ရောင်း ဖြေရှင်းရတယ်။ သားပြန်လာတိုင်း သူကတွေ့ချင်တယ်။ ဒါပေမယ့် သူအသက်အရွယ်နဲ့ လုပ်နေရတဲ့အလုပ်ကြောင့် သားကို ရှက်လို့ မျက်နှာပူလို့ မတွေ့ရဲဘူးလို့ အမေ့ကို ပြောရှာတယ်။ သူ့ သားသမီးတွေက မလိမ္မာသလို သမက်တွေကလည်း ဆိုးတယ်။ အမြည်းကူရောင်းပေးသလိုလိုနဲ့ အဖွားကြီးလစ်ရင် လစ်သလို အရက်ခိုးသောက်တာ။ အဖွားကြီးခမျာ အလစ်မပေးရဲဘူး။ သူ့အရက် ခိုးသောက်မှာစိုးလို့ ရေလည်း တော်တော်နဲ့ မချိုးရရှာဘူး။ မကြာခဏ အပေါ့ အလေးတောင် ဖြောင့်အောင် မသွားရဲဘူး။ ခမျာမှာ မရှိမဲ့ ရှိမဲ့အရင်းလေး ပြုတ်မှာလဲ စိုးရတယ်မို့လား။ တစ်နေကုန် ရေရောလိုက် မြည်းလိုက်နဲ့ အဖွားကြီးခမျာလည်း အရက်ရောင်းရင်း အရက်သမားလုံးလုံး ဖြစ်နေတာ။ ညဘက် မူးလာရင်တော့ အဖွားကြီးကလည်း ကြမ်းတာပဲ။ တစ်ရက်သားမှာတော့ အဘွားကြီးက အိမ်သာက အပြန် သူသမက် ဂဒူး ဆိုတဲ့ကောင်က လစ်တုန်း အရက်ခိုးသောက်တာ ပက်ပင်းကြီး မိပါရော။ ဆဲလိုက်တာ ဆူညံနေတာပဲ။ ‘ …..ဆိုး၊ …..နာ၊ ငါ့အရက်ကို ခိုးသောက်ရသလား၊ တော်တော် ကောင်းကျိုးမပေးတဲ့ ဟာတွေ၊ နင်တို့ကို ငါမနိုင်ပေမယ့် နတ် က နိုင်တယ်ဟဲ့၊ နင်တို့ကို အိမ်မှာမနေနိုင်အောင် နတ် နဲ့ ကို တိုက်မယ်” လို့ ဆဲပါလေရော။ အဲဒီမှာတင် သူ့သားမက် ဂဒူး က “ ဒီမယ် ယောက္ခမကြီး ၊ ခင်ဗျားက ကျုပ်ကို နတ်နဲ့ တိုက်ရအောင် နတ်ထဲမှာ ဘယ်နတ်က အကြီးဆုံးဆိုတာကိုရော ခင်ဗျားကြီး သိရဲ့လား” တဲ့။
ရုတ်တရက် အဖွားကြီး ဘာပြန်ပြောရမှန်း မသိဘူး၊ ဒေါသတွေထွက် မျက်လုံးကြီး ပြူးပြီး ငြိမ်နေတာ။ အဲဒီမှာပဲ ဂဒူး ဆိုတဲ့ သူ့သားမက်က အဖွားကြီး အနားကပ်ပြီး “ ဒီမယ် ယောက္ခမကြီး၊ ခင်ဗျား မသေမချင်း မှတ်ထား၊ နတ်ထဲမှာ အကြီးဆုံးနတ်က တိုက်တန်းနစ် သဘောင်္ကြီးမှာ တပ်တဲ့ နတ်ဗျလို့” လည်း ပြောလိုက်ရော အဖွားကြီးကလည်း ဆဲ ၊ အရက်သောက်နေတဲ့ သူတွေကလည်း ၀ါးကနဲ ရယ်လိုက်ကြတာ ပတ်ဝန်းကျင်ကို ဆူညံသွားတာပဲ”တဲ့။
နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အနိဌာရုံမြင်ကွင်းတစ်ခုကို အေးအေးဆေးဆေး ဟာသနှော၍ပြောပြနေသော အမေ့မျက်နှာပေါ်တွင် ရင့်ကျက်မှုအရိပ်အယောင်များကို သူ တွေ့မြင်လိုက်ရသည်။ အမေ့ရင်ထဲက ဓမ္မစွမ်းအားကိုလည်း သူ ဖတ်လို့ရပါသည်။ ကဲ့ရဲ့ဝေဘန်သံများ၊ အထင်သေးသောမျက်လုံးများ၊ အရေးမလုပ်သော အမူအယာများ၊ မဟုတ်မဟပ်စွပ်စွဲခံရမှုများ စသည့် မကောင်းသောလောကဓံတရားများနှင့် ရင်ဆိုင်ရတိုင်း စိတ်လှုပ်ရှားလွယ်သော သူ့အဘို့ ပညာတတ်ကြီး နိုင်ငံခြားပြန်ကြီးဆိုပြီး ချီးကြူးထောမနာပြုနေကြသည့် ပတ်ဝန်းကျင်၏ စကားသံများက သူ့လိပ်ပြာကို သိမ်ငယ်စေသလိုပင်။ သူ မရင့်ကျက်သေးပါ။ တကယ်တော့ သူ အမေ့ထံမှ အများကြီး လေ့လာသင်ယူ ဆည်းပူးရပေအုံးမည်။
0 comments:
Post a Comment