အပိုင်း (၃)
ကျုပ်ရဲ့ ခြေလှမ်းတွေဟာ အသိ သတိ မပါတဲ့ ပရမ်းပတာ ခြေလှမ်းတွေ မဟုတ်တော့ဘူး။ မမြဲခြင်းသဘော ဆင်းရဲခြင်းသဘောတရား တွေကို ဆင်ခြင်သုံးသပ် သတိကပ်တဲ့ ခြေလှမ်းတွေ။ ကျုပ် ဘုရား တရား သံဃာ ရတနာသုံးပါးကို အကြွင်းမရှိ ယုံကြည်တတ်သွားပြီ။ စွဲလမ်းမှုတွေ တွယ်တာ တာတွေ လွမ်းတာ ဆွေးတာတွေ မရှိတော့ဘူး။ ကျုပ်စိတ်ထဲ သန့်ရှင်း စင်ကြယ်လိုက်တာများ ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ဘူး။ ကျေးဇူး ကြီးပါပေ့ သံဃာတော် အရှင်မြတ်တွေ။ ကျုပ် ရုတ်တရက် ဆရာတွေရှိတဲ့ဘက်ကို လက်အုပ်ချီမိလိုက်တယ်။ သံဃံ သရဏံ ဂစ ၦာမိ။
“လူတစ်ယောက်ဆီကနေ ရဘို့အခက်ခဲဆုံးဟာ သူ့ရဲ့ ယုံကြည်မှုပဲ” လို့ ကျုပ် ကြားဘူးတယ်။ အဲဒီစကားဟာ ကျုပ်အတွက်တော့ သွေးထွက်အောင် မှန်နေပါ့လား။ ခု ကြည့်။ ကျုပ် ကိုယ်တော်တွေရဲ့ မျက်နှာဟာ အရင်အခါတွေတုန်းကလို မဟုတ်တော့ဘူး။ အရောင်တွေ ပြောင်းနေတယ် ဆိုတာ ကျုပ်အကဲခတ်မိတယ်။ ထင်တဲ့အတိုင်းပဲ ကျုပ် ရဟန်းပြုပေးဘို့ လျှောက်ထားတဲ့အခါမှာတော့ ကိုယ်တော်တွေက လက်မခံတော့ဘူး။ ဘယ်လက်ခံချင်မှာလဲ။ ကျုပ်ဆိုတဲ့ကောင်က ခြောက်ကြိမ်တိတိ စိတ်အလိုလိုက် ၀င်လိုက် ထွက်လိုက်နဲ့ ကိုယ်တော်တွေကို အလုပ်ရှုပ်စေခဲ့တာကိုး။ သူတို့ အပြစ်လည်း မဟုတ်ပါဘူးလေ။ ကျုပ်အပြစ်နဲ့ ကျုပ်ကိုး။ ခု အရှင်မြတ်တွေက မိန့်တော်မူနေပြီ။ “ မင်းကို ရဟန်းပြုပေးလို့ က တော့ ခေါင်း ဓားသွေးကျောက် ဖြစ်တာက လွဲလို့ ဘာမှ အကျိုးမထူးပါဘူး” တဲ့။ ကျုပ်ကို မယုံကြတော့ဘူး။ ဖြစ်ပုံက။ ကျုပ်ကလည်း ဆုံးဖြတ်ချက်ချပြီးရင် မပြင်တတ်တဲ့ကောင်ဆိုတော့ ကိုယ်တော်တွေကို အသနားခံ ဇွတ်ရော အတင်းပါ လျှောက်ရတော့တာပေါ့။ နောက်ဆုံးတော့ မေတ္တာ စေတနာ ကြီးမားကြတဲ့ ဘုရားသားတော်များပီပီ ကျုပ်ဆန္ဒတွေကို လိုက်လျောတော်မူကြတယ်။ ကျေးဇူးတရား ကြီမားတော်မူလေစွ။ တစ်ရက်နှစ်ရက်အတွင်းမှာပဲ တရားတော်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျုပ်စိတ်ဟာ အငြိမ်ဓာတ် အငြိမ်းဓာတ်နဲ့ ကျကျနနကြီး ထိတွေ့နေပြီ။ နိမ်ကျတဲ့စိတ် ညစ်နွမ်းတဲ့စိတ်တွေ ကျုပ်မှာ မြူမှုံမျှတောင် မရှိတော့ဘူး။ နောက်ဘ၀သစ်တစ်ခုကို ဆွဲခေါ်သွားမယ့် နှောင်ကြိုးမှန်သမျှကို ကျုပ် တိကနဲ ဖြတ်နိုင်ခဲ့ပြီ။ ကိလေသာစစ်ပွဲကြီးကို အပြီးသတ်အောင်နိုင်တဲ့ စစ်သူကြီး။ ကျေးဇူးကြီးမားပါပေ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး။ ကျုပ်ရဲ့ ဘုန်းကြီးဘ၀ဟာ အရင်ကလို ငြိမ်းပျင်းကြီး မဟုတ်တော့ဘူး။ ရတနာသုံးပါးရဲ့ ကျေးဇူးတော်ကြောင့် ငြိမ်းချမ်းတဲ့ရဟန်းဘ၀ကို အရကြီး ရခဲ့ပါပြီကော။
တစ်ခါ လှည့်ဖြားဖူးရင် နောက်အကြိမ်တွေ လူယုံကြည်မခံရတာဟာ သဘာဝပဲ။ ကျုပ် ကို ကျုပ် ဟုတ်နေပေမယ့် အကြောင်းသိနေကြတဲ့ တစ်ချို့ကိုယ်တော်တွေက ကျုပ်ကို ယုံကြည်မှု မရှိကြဘူး။ “ ဟေ့ စိတ္တဟတ္ထ ကြီး။ အချိန်တန်ပြီလေကွာ။ အိမ်က ချစ်ချစ်လေးက မင်းကို မျှော်နေရော့မယ်။ ဒီတစ်ခါ မင်း ဘုန်းကြီးဝတ်တာ တယ်ကြာပါ့လား။ မဟုတ်မှ လွဲရော။ မင်း ကောင်မလေးနဲ့ စိတ်ဆိုးလာပုံပေါ်တယ်။ အေးကွာ အချိန်တန်တော့လည်း နွားပိန်ကန်မှာပါ”။ ကျုပ်သိတယ်။ ကိုယ်တော်တွေက ကျုပ်ကို စသလို နောက်သလိုနဲ့ တည့်တိုးကြီး ခွပ်နေကြတာ။ ကျုပ် အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်။ “ ငြိကပ်တွယ်တာမှုတွေ ရှိစဉ်တုန်းကတော့ တပည့်တော် ပြန်တာ ဟုတ်တယ်။ ခု အဲဒါတွေကို လွန်မြောက်သွားလို့ မပြန်တော့ဘူးလို့”။
အစွန်းထွက်သွားတဲ့ ကျုပ်ရဲ့စကားကြောင့် ကိုယ်တော်တွေက ကျုပ်ကို သရော်တဲ့မျက်လုံး အထင်သေးတဲ့ မျက်လုံးတွေနဲ့ တုံ့ပြန်ကြတယ်။ အဲလောက်ဆို တော်သေးတယ်။ တယ်လည်း ဆိုးတဲ့ကိုယ်တော်တွေဗျာ။ သုံးလောကထွဋ်ထား ဘုရားရှင်ကိုယ်တော်မြတ်ကြီးထံသွားပြီး “ အရှင်ဘုရား စိတ္တဟတ္ထမထေရ် ဟာ ငြိကပ်တွယ်တာမှုတွေကို လွန်မြောက်ပြီလေး ဘာလေး နဲ့ သူကိုယ်သူ ရဟန္တာပဲ ဖြစ်သွားသယောင်ယောင် လိမ်လည် ဟန်ဆောင်ပြောဆိုနေပါတယ်ဘုရား” လို့ အချွန်နဲ့ သွားပင့်ကြသဗျာ။
ကျုပ်ကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ။ ကျုပ် အကြောင်းကို အမှန်အတိုင်း ကောင်းကောင်းကြီးသိတဲ့ ကျုပ်ဘက်က သက်သေဆိုလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး တစ်ပါးပဲ ရှိတာမို့လား။ အားကိုးမျှော်လင့် ထားတဲ့အတိုင်းပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကိုယ်တော်တွေရဲ့ ရင်ထဲမှာ စူးနေတဲ့ သံသယဆူးတွေကို ကောင်းကောင်းကြီး ဖယ်ရှားပေးလိုက်တယ်။ ကိုယ်တော်တွေရဲ့မျက်နှာမှာ အရင်ကလို သံသယအခိုးအငွေတွေ မရှိတော့ဘူး။ စုတ်တသပ်သပ် နဲ့ “အော် ဒီလို ရဟန္တာဖြစ်မယ့် ပါရမီရှင်တောင်မှ ကိလေသာမွှေနှောက်လို့ ခြောက်ကြိမ်တိုင်တိုင် လူဖြစ်လိုက် ဘုန်းကြီးဖြစ်လိုက်နဲ့ ပတ်ချာရမ်းနေတာပါကလား” လို့ သံဝေဂစကားသံတွေ ညံနေကြရှာတယ်။
စကားအရာမှာ အတုမရှိ ကျွမ်းကျင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “ ချစ်သားတို့ ကိလေသာ ဆိုတာ အကယ်၍များ သိမ်းဆည်းထားလို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းမျိုး ဖြစ်ခဲ့မယ်ဆိုရင် သူ့ကို သိမ်းဆည်းဘို့ ဟောဒီစကြာဝဠာကြီးဆိုတာ အင်မတန် ကျဉ်းသွားပြီ။ ဗြဟ္မာ့ပြည်ဆိုတာ နိမ့်နိမ့်လေးဖြစ်သွားပြီ။ အဲလောက်ထိ ကိလေသာတရားဟာ များပြား ကျယ်ပြန်တယ်” လို့ ရဟန်းတွေကို မိန့်ကြားတော်မူပါတယ်။ “အဲဒီကိလေသာတရားတွေ အမွှေမခံရအောင် ကိလေသာတရားတွေရဲ့ မောင်းနှင်မှုအောက်မှာ ချာချာမလည်အောင် သင်ချစ်သားတို့ တစ်ခုတည်းသောတရားကိုသာ သတိနဲ့ ထိန်းချုပ်ရမယ်။ အဲဒီတစ်ခုတည်းသောတရားကတော့ သင်ချစ်သားတို့ရဲ့ စိတ်ပါပဲ” တဲ့။ ဘုရားရှင်ရဲ့ တရားတော်အဆုံးမှာတော့ အားလုံးဟာ စိတ်ကြောင့် ပူလောင်ပြီး စိတ်ကြောင့်ပဲ ငြိမ်းချမ်းရတာဆိုတာ သဘောပေါက်နားလည် သွားကြပါတော့တယ်။ ကျုပ်အထူးရှင်းပြစရာ မလိုတော့ပါဘူး။ ကျုပ် အိမ်ခဏ ခဏ ပြန်ခဲ့တာဟာ စိတ်ကြောင့် ဖြစ်သလို ကျုပ် အခု အိမ် မပြန်တော့တာလည်း စိတ်ကြောင့်ပါပဲဆိုတာကိုပေါ့။ ကျုပ် ဘုရားရှင်သီတင်းသုံးတော်မူတဲ့ဘက်ကို လက်အုပ်ချီ ဦးညွတ်ပြီး တိုးတိုးလေး ရွတ်ဆိုနေမိတယ်။ အားလုံးဟာ စိတ်, စိတ်ပါကွယ်လို့လေ။
ဝန်ခံချက်။ ။ ဘုရားရှင်လက်ထက်အခါက တကယ်ဖြစ်ခဲ့ဘူးသော ဓမ္မပဒဋ္ဌကထာ စိတ္တ၀ဂ် လာ စိတ္တဟတ္ထမထေရ် ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ၂၁ရာစု ခေတ် အမြင်များနှင့် ပေါင်းစပ်၍ ရေးသားချယ်မှုန်းပါသည်။
တောင်းပန်လွှာ။ ။ ၂၁ ရာစု ခေတ်ဘက်တွင် အင်အား ဖြည့်ပေးကြသော သူငယ်ချင်းများကို ကျေးဇူးတင်သလို လွန်တာရှိခဲ့ပါကလည်း အနူးအညွတ် တောင်းပန်ပါသည်။
0 comments:
Post a Comment