Monday, August 9, 2010

အတိတ်ဆိုတာ (နာဂစ်-၂)

Posted by ရေကြည်ချမ်းမြ

ရိုးသားဖြူစင်မှုဟာ လူချမ်းသာချင်မှ ချမ်းသာမယ် ဒါပေမယ့် စိတ်ချမ်းသာတယ်။ အနှောင်အဖွဲ့ကင်းတယ်။
မရိုးသားမှုဟာ လူချမ်းသာချင် ချမ်းသာမယ် ။ ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဘူး။ သူများအထင်ကြီးအောင် လုပ်နေရတာနဲ့ တင် စိတ်ရှုပ်နေရတတ်တာ။
နာဂစ်မြေဇာပင် ကလေးတွေရဲ့ရွာကို သူ ဘယ်လိုရောက်ခဲ့တယ်ဆိုတာ ပြောပြချင်သေးတယ်။ ရွာဆိုပေမယ့် ချောင်းရိုးဘေးမှာ တဲသာသာ အိမ်လေးအနည်းငယ်သာ ရှိတာပါ။ ရွာတန်းရှည်လေးပေါ့။ အိမ်ပြောင်းရင် လှေတစ်စီးတိုက်ပဲ ရှိတယ်လို့ သူတို့ဆီမှာ ပြောကြတာပဲ။ ခရီးကလည်း ရန်ကုန် က နေ မော်လမြိုင်ကျွန်း။ မော်လမြိုင်ကျွန်းမြို့ကနေ တဆင့် ၃ နာရီသာသာလောက် စက်လှေထပ်စီးမှ ရောက်ရတဲ့ အဲသည် ကလေးတွေရဲ့ရွာကို သူ မထင်မှတ်ပဲ ရောက်သွားခဲ့တယ်။ သွားကြတဲ့အထဲမှာ သူက အသက်အငယ်ဆုံး။ ရွာမှာနေစဉ်အတွင်း သက်တူရွယ်တူတွေနဲ့ရော လူကြီးတွေနဲ့ရော ခင်မင်ရင်းနှီးဘို့ ၀န်လေးတတ်တဲ့ သူ့အဘို့တော့ ဒီကလေးနှစ်ယောက်ဟာ တကယ့်ဘော်ဒါကောင်းတွေပေါ့။ လူကြီးတွေဆိုတာက သူတို့ထဲမှာ အသက်ကြီးဆုံးသူငယ်ချင်းနဲ့သာ စကားပြောတာ။ သူ့ကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး။ ဖြစ်ရမယ်လေ။
ဟိုက တရားပြ တရာစစ် ဓမ္မကထိက ကိုယ်တော်။ သူက အလကား သက်သက် အလည်လိုက်သွားတဲ့သူ။ ဘယ်တူပါ့မလဲ။ သက်တူရွယ်တူ အပျို လူပျိုလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်နေရအောင်ကလည်း ပတ်ဝန်းကျင် ပြောစရာဖြစ်မှာစိုးလို့ မနေရဲ။ အဲသည်တုန်းက ဘာမှ မဟုတ်လည်း ပတ်ဝန်းကျင်ကို အရာရာ ဂရုစိုက်အားလွန်းပြီး ကြောက်နေတတ်ခဲ့ပါလားလို့ ခုပြန်တွေးတော့ မကျေမနပ်တောင် ဖြစ်မိတယ်။ ဘယ်နေရာကြည့်ကြည့် မြင်နေရတာက ရေတွေ၊ ဘာချက်ချက် စားပွဲပေါ်ရောက်လာတာက ငါးဟင်းတွေချည်း။ စားရတဲ့ ဆန်က ခပ်စေးစေး။ နေရတာက တဲသာသာကျောင်း၊ ချိုးရတာက မြစ်ရေ။ ရေးချိုးတာတောင် ဒီရေတက်ပြီး ပြန်အကျအချိန်လေးမှာ ဖမ်းချိုးရတာ။ ရေးမကူးတတ်လို့ ကမ်းစပ်မှာ ဖလားနဲ့ခပ်ချိုးနေတဲ့ သူ့ကို ကြည့်ပြီး ရေချိုးနေတဲ့ မိန်းမပျိုတွေက တအံ့တသြနဲ့ ပြုံးစိစိ လုပ်နေကြတာကို မြင်ယောင်မိသေးတယ်။ သောက်ရတော့လည်း မထူးပါဘူး ဒီ မြစ်ရေပဲ။ အဲဒီသောက်တဲ့ရေတောင် ဒီရေတက်ချိန်မှာ ခပ်ရတာ မဟုတ်ဘူး။ ဒီရေဆိုတာ ပင်လယ်ရေမို့ ငန်တယ်။ ဒီရေပြန်အကျ ရေချိုကျန်တဲ့ အချိန်ကို ဖမ်းပီး လှေတွေနဲ့ သောက်ရေကို ခပ်ကြရတာ။ အညာသား သူ့အတွက်တော့ ဗဟုသုတလေးတွေပေါ့.။ ဘယ်နေရာမှလည်း ထူးထွေသွားစရာမရှိ။ ရွာထဲသွားပြန်တော့လည်း ချောင်းတံတားတဲ့။ အတော်ကူးရခက်တယ်။ ၀ါးလုံးကြီးကြီးတစ်လုံးကို ကိုင်းညွတ်ထားပြီး ဘေးမှာ ကိုင်စရာဝါးလေးတွေထောင် ထားတာ။ ခြေထောက် နင်းရတဲ့ နေရာက ၀ါးလုံးတစ်လုံးစာ ရှိတာမို့် တော်တော် ဂရုစိုက် ကူးရတယ်။ ဟန်ချက် မညီရင်တော့ ချော်ကျပြီသာမှတ်။ များသောအားဖြင့် ကျောင်းလေးထဲမှာပဲ ကုပ်နေရတယ်။ ဒီကြားထဲ မိုးရွာရင် ကျောင်းအောက်ကို မဆင်းရဲဘူး။ မဖြစ်မနေ ဆင်းရတဲ့ အခါမျိုးတောင်မှ ခြေဆယ်လှမ်းလောက်လှမ်းလိုက်တာနဲ့ ခြောက်ထောက်က အလေးချိန်တော်တော်တိုးနေပြီမှတ်။ ရွံစေးတွေ အထပ်လိုက် စီးတဲ့ဖိနပ်ကို ကပ်တာလေ။ အဲသည်လို နေရာမျိုးမှာ ကြာကြာမနေချင်တာ မဆန်းပါဘူး။ အဲသည်တော့ ပျော်စရာ ဘော်ဒါရှာတဲ့အခါမှာ ၂တန်း ၃တန်းအရွယ် ကျောင်းကို မကြာခန လာကြတဲ့ ကလေးငယ် ၂ ယောက်ကို ဇွတ်ရော အတင်းပါ ဘော်ဒါလုပ်လိုက်ရတယ်။ သူတို့ မခင် ခင်ချင်အောင် ကြိုးစားလိုက်တာ နောက်ဆုံးတော့ ဘော်ဒါတွေ ဖြစ်သွားကြတယ်ဆိုပါတော့။ အဲဒီအခါက စလို့ သူလည်း မပျော်ပေမယ့် အပျင်းတော့ ပြေပါတယ်။ ညနေတိုင်း ကလေး၂ယောက်ကို လက်စွဲပြီး လယ်ကွင်းတွေထဲ လမ်းလျှောက်တယ်။ သွားရင်းလာရင်း ရီစရာပြောကြ၊ စကြ နောက်ကျနဲ့ပေါ့။ သူက ဘယ်နေရာရောက်ရောက် ကလေးတွေနဲ့သာ ပေါင်းလေ့ရှိတယ်။ အဲလိုပေါင်းရတာကို အပြစ်ကင်းတယ်လို့လည်း ယူဆတယ်။ ကလေးဆိုတာက ဖြူစင်ရိုးသားတဲ့ နှလုံးသား အပြည့်ရှိကြလို့ပါ။ တစ်ခါတစ်ခါ မြက်ခင်းပြင်ပေါ်ထိုင်ပီး ကလေးတွေကို သီချင်းညာဆိုခိုင်းတယ်။ ညာဆိုခိုင်းတယ် ဆိုပေမယ့် သူတို့ကလည်း အလည်လေးတွေ။ ကိုယ့်ပြန်ဆိုခိုင်းချင်ရင် ဆိုခိုင်းနေတတ်တယ်။ ‘သမီးတို့ အလှည့်ပြီးပြီလေ’ တဲ့။ သူတို့လည်း ရင်နှီးလွန်းလို့သာ အဲဒီစကား ပြောတာ မျက်နှာကတော့ မ၀ံ့မရဲပါ။ ငါတို့ကို အငေါက်ခံရမလား ဆိုတဲ့ မျက်လုံးလေးတွေနဲ့။ သူကလည်း ဆိုလို့မဖြစ်၊ သင့်လည်း မသင့်တော်သမို့ လူကြီးပီပီ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်လိုက်တာပါပဲ။ သူတို့ ဘာတတ်နိုင်တာမှတ်လို့။ ညစ်တာ၊ အနိုင်ကျင့်တာလေ။ ဒါကြောင့် လူဟာ သံပရာသီးလိုပဲ ကြီးလေ ချည်လေလို့ ဆိုကြတာနေမှာ။ ‘လူတွေအကြောင်း သိလေလေ ခွေးကလေးတွေကို ပိုချစ်လေလေ’ တဲ့။ ခုလည်း ‘လူကြီးတွေအကြောင်း သိလေလေ သံပုရာရည် မသောက်ချင် လေလေ’ လို့တောင် ပြောင်းရေးသင့်တယ်။ ဒီလိုနဲ့ အချိန်တန်တော့ အိမ်ပြန်နုတ်ဆက်စကား ဆိုရမယ့် အချိန်ကို ရောက်လာတယ် ဆိုပါတော့။ ဝေလီဝေလင်း မနက်ခင်းတစ်ခုမှာ လိုက်ပို့မယ့်စက်လှေပေါ်ကနေ အားလုံးကိုလက်ပြနုတ်ဆက် ကသုက်ကယက်ပဲ ပြန်ခဲ့ရတယ်။ အော် တွေးကြည့်လိုက်တော့ နာဂစ်ဖြစ်တဲ့ အချိန်မှာ မဆုံတွေကြခဲ့တာ ၁၀ နှစ်လောက်တောင် ရှိခဲ့ပါပြီကော။

0 comments:

Post a Comment