Thursday, July 22, 2010

အိမ်ထောင်မကျတဲ့ ကလေးအဖေ (နာဂစ် -၁)

Posted by ရေကြည်ချမ်းမြ

“ဒုက္ခ သည်တိုင်းသာ ကူညီရမယ် ဆိုရင် အကုန်လုံး ဒုက္ခသည်တွေချည်းပဲ ကူညီလို့ ဆုံးမှာမဟုတ်ဘူးကွ” ကိုယ်ကြည်ညိုလေးစားခဲ့ဘူးတဲ့ ဆရာသမားတစ်ဦးရဲ့ ဒဿန။
“ ဒုက္ခရောက်တိုင်းသာ လိုက်ကူညီနေရင်တော့ မြန်မာတစ်နိုင်ငံလုံးသာ လိုက်ပြီး အကူအညီတွေ ပေးပေတော့” ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တဲ့ ကိုယ့်သွေးရင်း သွေးချာ ညီတော်မောင်ရဲ့ ရင်ဖွင့်စကား။ 
“သင့်ရဲ သဘောထားမြင့်မြတ်မှုတွေကို လက်တွေ့ ပြနိုင်အောင်သာ ကြိုးစားပါ၊ စကားဆိုတာ ပြောတတ်ရင် ဖြစ်ပါတယ်” (1.9.2008) ရက်စွဲနဲ့ ရေးသားထားခဲ့တဲ့ သူ့ဒိုင်ယာရီ စာအုပ်ထဲက စာသားလေး။ 
အပြောချိုပြီး လက်တွေ့မဆန်တဲ့သူတွေကို သူ့စိတ်ထဲ အော့နှလုံးနာခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း အထက်ပါစာသားလေးကို သူ့မှတ်စု စာအုပ်ထဲမှာ ရေးသားထားခဲ့တာ ထင်ပါရဲ့။ သည်လိုပါပဲ သူ့ရင်ထဲ တစ်ခုခုခံစားရရင် စာတိုပေစလေးတွေ ဒိုင်ယာရီစာအုပ်ထဲ ရေးတတ်ခဲ့တာကိုး။ ကာလ အတန်ကြာ ပျောက်နေတဲ့ သူ့စာအုပ်ကလေး ပြန်တွေ့လို့ ဖွင့်ဖတ်ရင်းနဲ့ စာသားလေးတွေကို မြင်ရတော့ အဲသည်တုန်းက သူကောင်းကောင်း မှတ်မိနေတာလေးတွေကို ရေးပြချင်လာတယ်။ ခုဆိုရင်၂ နှစ်တောင် ကျော်ခဲ့ပါပြီကော။

အဲသည်နေ့ကပေါ့၊ သူဖတ်ဖူးခဲ့တဲ့ ၀တ္ထုတွေထဲကလို လာသာတာတွေ၊ လေတိုက်တာတွေ၊ မိုးရွာတာတွေ၊ ဘာတစ်ခုမှ မဖြစ်ပါဘူး။ ပုံမှန်ရိုးစင်းတဲ့ နေ့တစ်နေ့ရဲ့ ညနေခင်းလေးတစ်ခုပါပဲ။ ထူးထူးခြားခြား ပြောစရာဆိုလို့ စိတ်ကယောက်ကယက်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီ ဆေးခန်းလိုက်ပို့ပေးရာကနေ ပြန်လာတဲ့နေ့ လို့ပဲ ပြောစရာရှိတာပါ။ သူငယ်ချင်းတစ်ယောက်က ခဏလာခဲ့ပါအုံးလို့ လူလွှတ်ခေါ်တာကြောင့် သူ သွားခဲ့တယ်။ တကယ်ကို မမျှော်လင့်ခဲ့ဘူး။ မတွေ့ကြတာ နှစ်ပေါင်းလည်း တော်တော်ကြာနေတော့ မေ့တောင် မေ့နေပြီဆိုပါတော့။ နာဂစ်မုန်တိုင်းရဲ မြေဇာပင် ကလေးနှစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့် သူ့ရှေ့ရောက်လာခဲ့တယ်။ သူငယ်ချင်းဖြစ်သူက ခေါ်လာတာပါ။ သူငယ်ချင်းနဲ့ကလေးတွေက ရင်းနှီးမှုလည်းရှိ ကျေးဇူးတရားလည်း မကင်းကြသူတွေမို့ စိတ်ပြေလက်ပျောက် အလည် ခေါ်လာတဲ့သဘော။ ဖြစ်ချင်တော့ သူငယ်ချင်း ခေါ်လာတဲ့ ကလေးနှစ်ယောက်စလုံးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူနဲ့လည်း ကောင်းကောင်းကြီးရင်းနှီး ခင်မင်ဘူးတဲ့ ကလေးတွေ ဖြစ်နေတယ်။ မျှော်လင့်ချက်မဲ့၊ တွယ်ရာမဲ့ဖြစ်နေတဲ့ သူတို့ရဲ သနားစရာ မျက်ဝန်းတွေရယ်၊ ‘တတ်နိုင်တာလေးတွေ ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးပါအုံး’ ဆိုတဲ့ သူငယ်ချင်းရဲ့ တောင်းဆိုတဲ့ စကားသံရယ်က သူ့ရင်ထဲက ကရုဏာတရားကို ပိုပြီး အားကောင်းစေခဲ့တယ်။ 

အဲဒီအချိန်အခါက မြန်မာပြည်မှာ နာဂစ်ဒဏ်ခံရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အုံးအုံးကျက်ကျက် လုပ်နေကြတဲ့အချိန်။ ပြည်တွင်းပြည်ပ ဘာသာရေး ခေါင်းဆောင်တွေ စေတနာရှင်တွေရဲ့  မေတ္တာ ကရုဏာတရားဟာ သိပ်ကြည်ညိုလေးစားစရာ၊ ပီတိဖြစ်စရာပါ။ စွမ်းနိုင်သူတွေ တတ်နိုင်တဲ့သူတွေရဲ့ အလှူဒါန တွေကို မုဒိတာပွါး ၀မ်းမြောက်ရင်း၊ ဒုက္ခသည်တွေအတွက် ကြီးကြီးကျယ်ကျယ် ဘာမှ လုပ်မပေးနိုင်တဲ့ သူ့ကိုယ်သူ အားမလို အားမရ မကျေမနပ် ဖြစ်နေတတ်တာ။ တကယ်ဆို သူလည်း သူများတွေလို ကြီးကြီးမားမား အများကြီး လှူချင် ပေးချင်တာပေါ့။ 
တောစာသင်တိုက်ကလေးတစ်ခုမှာ မထင်မရှား စာချဆရာဆိုတဲ့ ဂုဏ်ပုဒ်ကလေးသာ ကိုင်စွဲထားတဲ့ သူ့အဘို့ အဲဒီကြီးကျယ်တဲ့ စိတ်ကူးတွေဟာ ဆေးလိပ်မီးခိုးတွေလို့ ပြန့်ကျဲ ပျောက်ကွယ်သွားတာမဆန်းပါဘူး။ ပေးတယ်ဆိုတာ ကိုယ့်ရှိမှ ပေးလို့ရတာကိုး။ အဲသည်အခါတုန်းက သူအဘို့ ပိုင်ဆိုင်တာဆိုလို့ သူလေ့လာသင်ကြားခဲ့တဲ့စာအုပ်တွေနဲ့ သူထက်ပိုပြီး ဆင်းရဲ နွမ်းပါးတဲ့ ရာနဲ့ချီတဲ့ တပည့်တွေသာရှိတာပါ။ သူများတွေ ယဉ်ကြီး ယဉ်ငယ်အသွယ်သွယ်နဲ့ ဒုက္ခသည်တွေဆီ သွားကူညီနေကြတဲ့အချိန်၊ သူကတော့ လေးစား အားကျ မုဒိတာပွါးရင်းနဲ့ပဲ ငန်ပြာရည်နဲ့ ပဲပြုတ်အဖော်လုပ် အခန်းထဲမှာ ကုပ်ကုပ်ကလေး နေခဲ့ရတယ်။ ဒါန နဲ့ သီလမပါခဲ့တော့ မသေခင်ကတည်းက သိနေရတဲ့ အဖြစ်။ ရှိစေတော့။ သူအကြောင်းနဲ့ သူအကျိုး ပဋိစ္စသမုပ္ပါဒ်သင်ရိုးတောင်မှ သူက မကြေခဲ့ပဲကိုး။
နာဂစ်ကလေးတွေ့နဲ့တွေ့ရတော့ ဒုက္ခသည်တွေဆီ သွားမကူညီနိုင်တဲ့ သူ့ထံကို နတ်တွေကများ ဒုက္ခသည်တွေ သေချာပို့လိုက်သလားလို့တောင် စဉ်းစားခဲ့ဘူးတယ်။ ရှုထောင့်မျိုးစုံကနေ ကြည့်လိုက်တော့ သူ တတ်နိုင်သလောက် ကူညီမယ်လို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ တကယ်လည်း ထက်ထက်သန်သန်နဲ့ ကူညီစောင့်ရှောက်ခဲ့တယ်။ အဲသည်အခါက စ လို့ စာချုပ်မပါ ဖိတ်စာမကမ်း ရေခဲမုံ့ မကျွေးရပဲ ( ပတ်ဝန်းကျင် အပြောအရ ) ကလေးနှစ်ယောက်အဖေ ဖြစ်ခဲ့ရတယ် ဆိုပါတော့။ တကယ်တော့ သူငယ်ချင်းသုံးယောက် ၀ိုင်းဝန်းစောင့်ရှောက်ကြတာပါ။ သို့ပေမယ့် သူ့ကိုပဲ ခင်မင်သူတွေက ကလေးအဖေအဖြစ် ကွယ်ရာမှာ တီးတိုးတီးတိုး သဖန်းပိုးထိုးကြတယ်။ သူကတော့ အကောင်းဘက်မြင်ပြီး ကိုယ့်ကိုယ်ကိုသာ ဝေဘန်လိုက်ပါတယ်။ ကလေးအဖေလို့ပြောခံရတော့ “ မိန်းမ မယူပဲ၊ ငါတို့လည်း၊ အိုမြဲ အိုတတ်သည်’ လို့ သံဝေဂ ပွါးရုံကလွဲလို့ ဘာများတတ်နိုင်အုံးတော့မှာလဲပေါ့။

1 comments:

Crystal said...

အရှင်ဘုရား ကလေးတွေကြီးရောပေါ့။ သူတို့ဘဝတွေ အများကြီး ကံကောင်းသွားပါပြီ။ ရဟန်း ၁ပါး သို့မဟုတ် သုံးပါးကို မှ အဖေအဖြစ်ရတဲ့ဘဝ။ အန်မတန်လည်း ဘုန်းကံကြီးပါတယ်။ သာဓုသာဓုသာဓု

Post a Comment