ရေကြည်ချမ်းမြ
“စင်္ကာပူ ဆိုတဲ့ အတိုင်း စီကာ စဉ်ကာ ပူနေရတာ ပဲဘုရား”
စင်္ကာပူရောက် မြန်မာများထံကနေ ကြားနေကြ အဓိပ္ပါယ် ဖွင့်ဆိုချက်ပါ။ စင်္ကာပူကို ရောက်ခါစ တုန်းကတော့ ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ မိမိ ရင်ထဲ ထိထိမိမိ ရှိလှတယ်လို့တော့ ဆိုလို့မရပေဘူး။ သည်လိုနဲ့ စင်္ကာပူရဲ Life style ထဲမှာ စီးမျောရင်း အချိန်ကာလ ကြာလာတော့ ကိုယ်လည်း စီကာ စဉ်ကာ ပူတတ်သူတွေထဲ ပါမှန်းမသိ ပါလာပါတော့တယ်။ သတိထားမိတဲ့အချိန်မှာတော့ ဒီစကားလုံးရဲ့  အဓိပ္ပါယ်ကို ထိထိရှရှ ခံစားတတ်နေပါပြီ။ ဘာတွေများ ပူနေရလို့တုန်း လို့ တစ်စုံတစ်ယောက်က မေးလာခဲ့ရင်တော့ “ အဲလို ဘာတွေမှန်း မှတ်မှတ်သားသား ရေးချလို့မရတဲ့ ဟာတွေနဲ့ ပူနေရတာပဲ” လို့ သာ ဖြေရပါလိမ့်မယ်။ ပူရတာတွေ များလွန်းလို့လည်း ဖြစ်တန်ကောင်းရဲ့။
တစ်ခါက ရင်းနှီးတဲ့ ဒကာမလေးတစ်ယောက်ကို “ဘုန်းကြီးလည်း ဘုန်းကြီးဒုက္ခနဲ့ပဲဟ” လို့ ပြောမိတော့ “အင် … အရှင်ဘုရားတို့က ဘာဒုက္ခများ ရှိလို့တုန်း” လို့ သူက မကျေမနပ် ပြန်ခွပ်သွားသေးတယ်။ အော် ကိုယ့်အပူ သူ မသိပေပဲကိုး လို့ ဖြေတွေးလေး တွေးပြီး သည်းခံလိုက်ရတာပါပဲ။ ကိုယ့်ဒုက္ခမှ ဒုက္ခလို့ မှတ်ထင်တတ်ကြတာဟာ လူ သဘာဝပဲကိုး။ ဒါ့ကြောင့်လည်း သူသေမြုပ်နှံရာ သုသာန်မှာတောင် ရှိုးကျကျ ၀တ်လာပြီး ဟိုအကြောင်း ဒီအကြောင်းပြော ရယ်မောနေနိုင်ကြတဲ့သူတွေ၊ ရှင်စဉ်က တည့်အောင်မပေါင်းပဲ သေခါမှ ၀န်ကျေတန်းကျေ ငိုပြ သည်းပြတဲ့သူတွေ ဒုနဲ့ဒေး ရှိနေတာပါပဲ။ သေခြင်းဆင်းရဲ ဆိုတာ ဘုရားဟောထားတာ။ ကိုယ့်ဆင်းရဲ့ မဟုတ်သေးတော့ ဘယ်မှာ သံဝေဂ ယူနိုင်ကြလို့တုန်း။ ၀တ်ကျေတန်းကျေလိုက်ပို့ပြီး ဘာသိဘာသာ ပြန်သွားကြတာပါပဲ။ ဒါ့ကြောင့်လည်း အရာရာမှာ အဲလို နေတတ်ကြတဲ့ တို့လူမျိုးတွေကို “၀တ်ကျေတန်းကျေ ဘာသိဘာသာ လူမျိုးများ” လို့တောင် update လုပ် နာမည်သစ်ပေးချင်စိတ်တောင် ပေါက်မိရဲ.။
တစ်ခါတစ်ခါ ဘ၀နဲ့ ဆန္ဒတွေဟာ တထပ်တည်း မကျတတ်ဘူး။ ဒါ့ကြောင့်လည်း တစ်ချို့ ဘ၀နဲ့ ဆန္ဒ တထပ်တည်းကျနိုင်ပါစေလို့ ဆုပေးတတ်ကြတာကိုး။ အခြားသူတွေ အသာထား၊ ကိုယ့်ပုံရိပ်ကို ကိုယ်တိုင်ပြန်ကြည့်လိုက်တော့ကော ဘာထူးလဲ၊ လွဲချင်တိုင်းကို လွဲနေလိုက်ချက်ကတော့။ ဆန္ဒတွေက ပတ်ဝန်းကျင်ဆိတ်ငြိမ်တဲ့ တောကျောင်းလေးတစ်ခု၊ ဖတ်ခြင်တဲ့ စာအုပ်တွေ၊ ရေးစရာ စိတ်ကူးစိတ်သန်းလေးတွေကို လက်တွေ့အကောင်အထည်ဖော်၊ နေ့စဉ် အချိန်မှန် စရဏ၊ မများလှတဲ့ အသိုင်းအ၀ိုင်းလေးတစ်ခုနဲ့ မထင်မရှား အေးအေး ဆေးဆေး နေချင်တာ။ လူများရင် အပူများတယ် လို့ ခံယူထားတဲ့အတိုင်း လူပရိသတ်လည်း မများချင်။ ခုတော့ ဖြစ်နေတဲ့ ဘ၀က ဆန္ဒတွေနဲ့ ဆန့်ကျင်ဘက်မှာ။ သင်ထားတဲ့ စာတွေနဲ့ လုပ်နေရတာတွေက တစ်ခါတစ်ခါမှာ ဘာမှ မဆိုင်။ အဲသည်တော့ လုပ်သလို မဖြစ်တော့လည်း ဖြစ်သလို လုပ်တယ်ကွာ ဆိုပြီး ကိုယ့်ဘာသာ ရဲဆေးတင် လုပ်နေရတော့တာပဲ။ အဲဒီ ဖြစ်သလိုလုပ်တဲ့အထဲမှာ ခုရေးတဲ့ စာလည်း ပါတယ်။ သေချာချာရေးပြီးမှ တင်ချင်တာ။ သို့ပေမယ့် အဲလို သေချာတာကြီးကို လုပ်မယ်လို့ စဉ်းစားလိုက်တိုင်း မသေချာတာတွေက အရင် ရောက်လာတတ်လွန်းလို့။ သိတဲ့အတိုင်း ဒီခေတ်ကြီးက ဆုံးဖြတ်ချိန်ပဲပေးတယ် စဉ်းစားချိန် သိပ်ပေးတာ မဟုတ်ဘူး။ မြန်မှ မြန်။ ကိုယ်ရေးချင်တာလေးတွေ ကိုယ်တွေးမိတာလေးတွေဟာ သေချာရေးပြီးမှ တင်မယ်ဆိုတဲ့ အတွေးအောက်မှာ ရေးစရာကုန်ကြမ်းလေးတွေ အစရှာမရအောင်ကို နစ်မြုပ်ပျော်ဝင် ပျောက်ကွယ် သွားတော့တာ။ ဒီလိုနဲ့ ဘလော့ဂ်နဲ့ ကိုယ်နဲ့ က လပေါင်းများစွာ ခပ်စိမ်းစိမ်း။
စာမရေး ဖြစ်ပေမယ့် စာတွေတော့ ဖတ်ဖြစ်သား။ အထူးသဖြင့် ရွှေအမြုတေ မဂ္ဂဇင်းတွေ။ သူများတွေ ရေးထားတာများ ဖတ်လို့ ကောင်းလိုက်တာ။ ပြောင်မြောက်တဲ့ အတွေးတွေနဲ့။ ကိုယ်နဲ့က တခြားဆီ။ စာကောင်း ပေမွန် ဖြစ်ချင်ရင် အတွေးကောင်းရုံနဲ့ မရဘူး။ သတ်ပုံသတ်ညွှန်း၊ စာပိုဒ်ခွဲ၊ စကားပြေ စကားပြော၊ အဖွင့်အပိတ်က အစ သေချာဂရုစိုက်တာကလား။ စာရေးနည်း အတတ်ပညာဆိုတာလည်း ဘယ်ဘုန်းကြီးကျောင်းကမှ သင်ပေးခဲ့တာ မဟုတ်လေတော့ သူများရေးထားတဲ့ စာတွေက ကိုယ့်ဆရာတွေပေါ့။ ဒီလိုနဲ့ ဆရာပေါင်းရေကြည့်ရင် မနည်းတော့ဘူး။ သို့ပေမယ့် ကိုယ်က ခုထိ မတတ်သေး။ သက်ဆိုင်ရာ ဆရာတွေ သိလို့ “ဒီလောက်တောင် ဖျင်းရသလား” ဆိုပြီး တစ်ယောက်တစ်ချက် ရိုက်ရင်တောင် အသက်ပျောက်နေလောက်ပြီ။ အရာကို ခပ်သုပ်သုပ် လုပ်နေရတဲ့ ခေတ်ကြီးမှာ ရေးချင်တာလေးတွေကိုလည်း စိတ်ကူးထည့်ရာ ခပ်သုပ်သုပ်ရေးတင်လိုက်ရတယ်။ စိတ်ကူးတည့်ရာ တွေးတာမို့ စာတွေကလည်း တောင်ရောက် မြောက်ရောက်ပဲ။ ဒါ့ကြောင့်မို့လည်း ရေးမိရေးရာ လို့ ခေါင်းစဉ်တပ်လိုက်တာ။ တစ်ဦးတစ်ယောက်အတွက် မှတ်သားစရာ သိစရာ တစ်စုံတစ်ခု ရတယ်ဆိုရင် ကျေနပ်ပြီ။
0 comments:
Post a Comment